နယ်စပ်က စစ်ဘေးဒုက္ခသည်တွေအရေး ထိုင်းနဲ့ စစ်ကောင်စီ ပူးပေါင်းဆောင်ရွက်

By မဇ္ဈိမ 
11 December 2023
နယ်စပ်က စစ်ဘေးဒုက္ခသည်တွေအရေး ထိုင်းနဲ့ စစ်ကောင်စီ ပူးပေါင်းဆောင်ရွက်

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က မြန်မာစစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး နှစ်နိုင်ငံအထူးအဖွဲ့ (Aid Task Force) ဖွဲ့စည်းပြီး လုပ်ဆောင်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာကျင်းပတဲ့ (၈) ကြိမ်မြောက် မဲခေါင်-လန်းချန်း အစည်းအဝေးကာလအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူကာရာ နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံပြီးတဲ့နောက် ဒီလိုသဘောတူညီချက် ထွက်လာတာဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ မြန်မာဘက်ကနေ အထူးအဖွဲ့တစ်ဖွဲ့ ထိုင်းဘက်ကို စေလွှတ်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါဟာ ဒေသတွင်းအာဆီယံအဖွဲ့ဝင်တွေအပြင် နိုင်ငံတကာအသိုက်အဝန်းနဲ့ စစ်ကောင်စီတို့အကြား အပြုသဘောဆောင်တဲ့ သုံးပွင့်ဆိုင် ထိတွေ့ဆက်ဆံမှုကို အထောက်အကူဖြစ်စေမယ်လို့ ထိုင်းနိုင်ငံဘက်က မျှော်လင့်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးသွားဖို့အတွက် ထိုင်းနဲ့ မြန်မာ(စစ်ကောင်စီ)ရဲ့ အထူးအဖွဲ့မှာ တခြားအကူအညီပေးတဲ့ အေဂျင်စီတွေ ပါဝင်လာအောင်လည်း တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို နေရပ်ပြန်ရောက်အောင် ကူညီပေးခဲ့လို့ မြန်မာကို ကျေးဇူးတင်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာ့အရေးဆိုင်ရာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ အခုလို ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထိုင်းက ပံ့ပိုးကူညီသွားမယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း သဘောတူခဲ့တဲ့ ငြိမ်းချမ်းရေးစီမံချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက် တာကြောင့် မြန်မာစစ်ကောင်စီကို ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကတော့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ( HRW) က ထိုင်း - မြန်မာနယ်စပ်က ထိုင်းဘက်ခြမ်းမှာဝင်ရောက်ခိုလှုံနေတဲ့ မြန်မာစစ်ပြေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက အတင်းပြန်ခိုင်းတာတွေရှိနေတာကြောင့် စစ်ရှောင်တွေမှာ အသက်ဘေးနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အမှန်တကယ်လိုအပ်နေသူတွေထံ လူသားချင်းစာနာမှုအကူအညီတွေ မရောက်မှာကို စိုးရိမ်တယ်လို့ လည်းစစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာလကုန်ပိုင်းကတည်းက ပြင်းထန်လာတဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်ငါးသိန်းကျော် ထွက်ပြေးခဲ့ရပြီး နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် နှစ်သန်းကျော် ရှိလာနေပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly