မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ၊ သံကုန်းကျေးရွာ၌ ယမန်နေ့ ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှ ဆန်စက်ပိုင်ရှင်အားသတ်ဖြတ်ကာ ဆန်အိတ်များနှင့် အခြား အိမ်တွင်းပစ္စည်းများကို သယ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့သည် ဖောကားငါးစီးဖြင့် ဆန်စက်ပိုင်ရှင် ဦးဇော်မင်းကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးရာ ထွက်ပြေးသဖြင့် ပစ်သတ်လိုက် ကြောင်း ဒေသခံတဦးက မဇ္စျိမကို ပြောသည်။
“မေးစရာရှိတယ်ဆိုပြီးလာဖမ်းတာ သူကအဖမ်းမခံဘဲ ထွက်ပြေးတဲ့အချိန် သေနတ်နဲ့ပစ်လိုက်တာ သေ သွားတယ်။ အလောင်းကိုတော့ ပြန်ရလိုက်တယ်။ အိမ်နဲ့တွဲထားတဲ့ ဆန်စက်ဂိုဒေါင်ထဲက ဆန်အိတ်တွေ မနည်းဘူး သယ်သွားတာ ခန့်မှန်းချေ ၁၀ အိတ်အထက်ပဲ” ဟု ၎င်းကဆိုသည်။
ဦးဇော်မင်းအား ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့(PDF)များအား ထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ကပစ်ခတ်သတ်ဖြတ်ပြီးနောက် နေအိမ်အတွင်းမှ ဆန်အိတ်များ၊ ဆိုင်ကယ်၊ ငွေကြေးနှင့် အခြား ပစ္စည်းများကို သိမ်းဆည်းသွားကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TGYR-ပြောက်ကျား တပ်ဖွဲ့၏ ပြည်သူ့ဆက်ဆံရေး)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဥ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဆန်စက်ပိုင်ရှင်အား ပစ်သတ်သွားသည်ဆိုသည်မှာ မှန်ကန် ကြောင်း ငါန်းဇွန်မြို့နယ်ပကဖမှ တာဝန်ရှိသူတဦးက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ယခင်က ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးသည့် အခါတိုင်း ဒေသခံအရပ်သားများနှင့် အမျိုးသမီးများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများ မကြာခဏ လုပ်ဆောင်ခဲ့ကြောင်း ငါန်းဇွန်မြို့ခံများ၏ အဆိုအရ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ