စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနက ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်သည်။
အမှတ်(၁)စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေသော တမူးမြို့ အထက်ပိုင်းရှိ အောင်ဇေယျတပ်စခန်းကုန်းကို ယနေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက် နိုင်ပြီဖြစ်ကြောင်း ကနဦး အသိပေးထုတ်ပြန်အပ်ပါသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
“ဒီမနက်မှာပဲ အောင်ဇေယျစခန်းကို သိမ်းပိုက်ရရှိတယ်ဆိုတာ အတည်ပြုနိုင်ပါပြီ။ အသေးစိတ် အချက် အလက်ကိုတော့ မရရှိသေးပါဘူး” ဟု ကူကီးအမျိုးသားတပ်မတော် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။
တမူးမြို့အထက်ပိုင်း အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်၊ ရှမ်းနီ၊ ပျူစောထီးဆိုသူများနှင့် အိန္ဒိယကို တော်လှန်တိုက်ခိုက်နေသည့် ကသဲ(မဏိပူရ) လက်နက်ကိုင်အင်အား ၂၀၀ ခန့်ရှိသော စခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ခရိုင်တပ်ရင်း(၁)၊ (၂) နှင့် ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်) -KNA(Burma) တို့က ဒီဇင်ဘာလ ၇ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံတပ်ဖွဲ့များ စခန်းမှထွက်ပြေးသူများရှိခဲ့ ကြောင်း KNA(Burma) ပြန်ကြားရေး တာဝန်ခံထံက သိရသည်။
စစ်ရေးတင်းမာနေသော တမူးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများ၏ နေအိမ် များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံများထွက်ပြေးနေရကြောင်း သိရသည်။
ဒီဇင်ဘာလ ၈ ရက် ည ၁၁နာရီ ၃၀ မိနစ်တွင် တမူးမြို့နယ် တုန်းကျော်ရွာကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်မီးရှို့ခဲ့ရာ EBC ဘုရားကျောင်းဝင်းအတွင်းရှိ ဓမ္မဆရာနေအိမ်အပါအဝင် နေအိမ်အလုံး ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း KNO/KNA (Burma) က ထုတ်ပြန်ထားသည်။
“ဒါဟာ အရမ်းယုတ်မာတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု KNA(Burma) ပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အိမ်ခြေ ၃၀၀ ကျော်ရှိသော တုန်းကျော်ရွာမှ ဒေသခံများ နီးစပ်ရာတောအတွင်းနှင့် အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံနေရကြောင်း သိရသည်။
ဆောင်းရာသီရောက်ရှိနေပြီး မိုးရွာသွန်းထား၍ စစ်ဘေးရှောင်များအတွက် မိုးကာ၊ အနွေးထည်၊ စောင်နှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း မြို့နယ်လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး အဖွဲ့ဝင်တဦးထံမှ သိရသည်။
တမူးမြို့နယ်ရှိ ခါမ်းပါတ်မြို့ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီ တပ်က ပြန်လည်တိုက်ခိုက်ရန် စစ်ကြောင်းထိုးလာနေကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် လေယာဥ်ဖြင့် ဗုံးကြဲနေကြောင်း တော်လှန်ရေးတပ်ဖွဲ့၏ သတင်းအရင်းအမြစ်ထံမှသိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#တမူးမြို့နယ်
#စခန်းသိမ်း