ဧရာဝတီတိုင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီအလုံအလောက်မရသည့်အတွက် အကန့်အသတ်ဖြင့်သာ ရောင်းချရသည်ဟု ဆီဆိုင်ပိုင်ရှင်များက မဇ္စျိမကိုပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ကာ ဓာတ်ဆီနှင့် ဒီဇယ်အမျိုးအစားများအားလုံးကို တပတ်လျင်နှစ်ကြိမ်သာ သီလဝါဆိပ်ကမ်းမှ ဆီထုတ်ရောင်းပေးနေပြီး တကြိမ်ထုတ်ရောင်းပေးလျှင် သုံးရက်စာရောင်းရန်အတွက်သာ ထုတ်ရောင်းပေးခဲ့သည်ဟု သိရသည်။
"နယ်ကနေ သီလဝါမှာ ဆီထုတ်ဖို့သွားတဲ့အခါ တရက်ကိုတခါပဲ ဆီထုတ်ပေးတော့မယ်လို့ပြောတယ်။ နယ်ကနေ ဆီထုတ်ဖို့လာတဲ့ကားတွေက တရက်စာခွဲတမ်းရတဲ့ ဆီနည်းနည်းလေးကိုတင်ပြီး မြို့ကိုပြန်မောင်းသွားရင်မကိုက်ဘူးလေ။ အဲ့တော့ တရက်စာရတဲ့ဆီတွေကို မထုတ်ဘဲ စုထားပြီး သုံးလေးရက်လောက်စောင့်ပြီးမှ သုံးလေးရက်စာလောက်ယူပြီး ပြန်ကြမယ်ပေါ့။ သုံးလေးရက်စောင့်ပြီးလည်းသွားလည်းထုတ်ရော၊ ဆီလာထုတ်တာတွေများလို့ မထုတ်ပေးဘူးလို့ပြောပြန်တယ်။ ကျွန်တော်တို့ဆို သီလဝါမှာ ဆီလာထုတ်တာ တပတ်လောက်ရှိပြီ၊ မပြန်ရသေးဘူး"ဟု ဧရာဝ တီတိုင်းမှ ဆီဆိုင်ပိုင်ရှင်တဦးကပြောသည်။
ယခုလပိုင်းအတွင်းတွင်မူ စက်သုံးဆီအရောင်းဆိုင်များအား သီလဝါဆိပ်ကမ်းမှ တရက်လျှင်တကြိမ်သာ ဆီထုတ်ရောင်းပေးနေသည့်အတွက် စက်သုံးဆီပြတ်တောက်သည့် ပြဿနာများဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဆီဆိုင်ပိုင်ရှင်အချို့က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ နှစ်လယ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများက စက်သုံးဆီအရောင်းဆိုင်များထံသို့ သွားရောက်ကာ ရောင်းအားစာရင်းများကို တောင်းယူခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ၎င်းတို့တောင်းယူထားသည့် စာရင်းများအရ ရောင်းအားကောင်းသည့်ဆိုင်နှင့် ရောင်းအားနည်းသည့်ဆိုင်ဟူ၍ ခွဲခြားကာ သီလဝါဆိပ်ကမ်းမှ ဆီထုတ်ရောင်းပေးနေခြင်းဖြစ်သည်ဟု ပုသိမ်မြို့ပေါ်ရှိ ဆီဆိုင်ပိုင်ရှင်အချို့ကပြောသည်။
ထိုသို့ စက်သုံးဆီအရောင်းဆိုင်များအား သီလဝါဆိပ်ကမ်းမှ တရက်လျှင်တကြိမ်သာ ဆီထုတ်ရောင်းပေးခြင်း၊ ထုတ်ပေးသည့်အခါတွင်လည်း ရောင်းအားပေါ်မူတည်၍ ခွဲတမ်းဖြင့်ပေးနေခြင်းများကြောင့် စက်သုံးဆီမလုံလောက်မှုများဖြစ်ပေါ်ကာ အကန့်အသတ်ဖြင့်ရောင်းချနေရခြင်းဖြစ်သည်ဟု ဆီဆိုင်ပိုင်ရှင်က ဆိုသည်။
ယင်းကြောင့် ဧရာဝတီတိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအားလုံးတွင် စက်သုံးဆီလာရောက်ဝယ်ယူသူများ နေ့စဥ်တန်းစီစောင့်ဆိုင်းနေကြရခြင်းဖြစ်သည်ဟု သိရသည်။
"ဧရာဝတီမှာတော့ မြို့တိုင်းက ဆီဆိုင်တွေမှာတော့ နေ့တိုင်းတန်းစီနေကြတာလူအပြည့်ပဲ။ တချို့မြို့တွေမှာတော့ တခါတန်းစီရင် ဆိုင်ကယ်ဆို နှစ်ထောင်ဖိုး၊ ကားဆို ၃,၀၀၀ ဖိုးရောင်းပေးတယ်။ တချို့မြို့တွေမှာတော့ ဆိုင်ကယ်ဆို ၃,၀၀၀ ဖိုးထည့်ပေးနေတာတွေလည်းရှိပါတယ်" ဟု ပုသိမ်မြို့ခံတဦးကပြောသည်။
ဧရာဝတီတိုင်းမြို့နယ်အားလုံးတွင် စက်သုံးဆီဝယ်ယူရန်
အရောင်းဆိုင်များရှေ့၌ တန်းစီစောင့်ဆိုင်းနေရသည့် အခြေအနေများဖြစ်ပေါ်နေပြီး စက်တပ်ယာဥ်ဖြင့် လုပ်ကိုင်စားသောက်နေသူအချို့လည်း လုပ်ငန်းရပ်နားထားရသည့် အခြေအနေများရှိသည်ဟု မြို့နယ်အသီးသီးရှိ ဒေသခံများကပြောသည်။
ယင်းပြင် စက်သုံးဆီစျေးနှုန်းမြင့်တက်ခြင်းနှင့် ဝယ်ယူ၍မရသောအခြေအနေများကြောင့် စပါးရိတ်သိမ်းခြွေလှေ့ရန်ကျန်ရှိသည့် တောင်သူအချို့လည်း အခက်အခဲများကြုံတွေ့နေရသည်ဟု ပုသိမ်မြို့နယ်နေ လယ်သမားအချို့ကပြောသည်။
လက်ရှိတွင် ပုသိမ်မြို့ပေါ်၌ 92 တလီတာလျင် ကျပ် ၂,၅၀၀ ဝန်းကျင်၊ 95 တလီတာလျင် ကျပ် ၂,၆၀၀ ဝန်း ကျင်နှင့် ဒီဇယ်တလီတာလျင် ကျပ် ၂,၃၀၀ ဝန်းကျင် စျေးပေါက်နေသည်ဟုသိရသည်။
ဧရာဝတီတိုင်းအတွင်း အချို့မြို့နယ်များတွင်မူ 92 တလီတာလျင် ကျပ် ၃,၀၀၀ ဝန်းကျင်၊ 95 တလီတာလျင် ကျပ် ၃,၃၀၀ ဝန်းကျင်နှင့်၊ ဒီဇယ်တလီတာလျင် ကျပ် ၂,၅၀၀ ဝန်းကျင် စျေးပေါက်နေသည်ဟု ဒေသခံများကပြောသည်။
မှောင်ခို(တရားမဝင်)စျေးကွက်တွင်မူ 92 တလီတာလျင် ကျပ် ၅,၀၀၀ ဝန်းကျင်နှင့် ဒီဇယ်တလီတာလျင် ကျပ် ၃,၃၀၀ ဝန်းကျင် စျေးပေါက်နေသည်ဟုလည်း သိရသည်။
"အခု သုံးလေးရက်အတွင်း ဧရာဝတီကို ဆီကားတွေပြန်ဝင်လာပါလိမ့်မယ်။ ဒါပေမဲ့ သူတို့(စစ်ကောင်စီ)ရဲ့ဖြေရှင်းနည်းဟာ ရေတိုအတွက်ပဲအဆင်ပြေမှာပါ။ ရေရှည်မှာ ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့လည်းမသိနိုင်ပါဘူး။ ဒေါ်လာမရှိလို့ ဆီမရတာ ဘာညာတွေကတော့ ဆီတင်သွင်းနေတဲ့လူတွေပဲ သိမှာပေါ့။ ကျွန်တော်ထင်တာတော့ ဆီလုံးဝပြတ်သွားနိုင်တဲ့အခြေအနေလည်းဖြစ်သွားနိုင်ပါတယ်"ဟု ဧရာ ဝတီတိုင်းအတွင်းရှိ ဆီပိုင်ရှင်တဦးက သုံးသပ်ပြောဆိုသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဧရာဝတီတိုင်း
#စက်သုံးဆီအရောင်းဆိုင်
#သီလဝါဆိပ်ကမ်း