ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး အပေးအယူ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး အပေးအယူ

လူထုခေါင်းဆောင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မျက်မှောက် မြန်မာ့ငြိမ်းချမ်းရေးအတွက် အပေးအယူကိစ္စကို ထိထိရှရှ ပြောသွားခဲ့သည်။ ဧပြီ ၂၇ က နေပြည်တော် တွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က အပေးစိတ်ထားဖြင့် ငြိမ်းချမ်းရေးကို ဆောင်ရွက်ရန် ပြောဆို ခဲ့ခြင်း ဖြစ်သည်။

"ယခုအစည်းအဝေးကစပြီး ငြိမ်းချမ်းရေးအတွက် ဦးတည်ပြီးဆောင်ရွက်သည့်အခါတွင် တယောက်စီတိုင်းက ငါတို့ဘာပေးနိုင်သလဲဆိုသည့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု၊ ကိုယ်ဘာပေးနိုင်လဲဆိုသည်ကို အဓိကစဉ်းစား၍ ဝိုင်းဝန်းစဉ်းစားကူညီစေချင်ပါကြောင်း၊ ယခုလိုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားပါက အပစ်အခတ်ရပ်စဲရေးကိုလည်း ခိုင်မာအောင် လုပ်ဆောင် နိုင်မည့် အပြင် မပါဝင်သေးသည့် အဖွဲ့များကို ပါဝင်လာရန်နှင့် ပါဝင်နိုင်အောင် အခြေအနေတစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း" ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

ငြိမ်းချမ်းရေးတွင်သာမကဘဲ လူမှုဝန်းကျင်တွင်လည်း အပေးအယူကိစ္စများက ရှိသည်သာ ဖြစ်သည်။ မိမိတကိုယ်ရေအတွက်ဖြစ်စေ၊ မိသားစုတွင်း၌ဖြစ်စေ၊ စာသင်ကျောင်းနှင့် အလုပ်ခွင် တွင်ဖြစ်စေ၊ ရပ်ကွက်ကျေးရွာတွင်းနှင့် မြန်မာနိုင်ငံတွင်ဖြစ်စေ အပေးအယူနှင့် ညှိနှိုင်းလုပ်ကိုင်နေရ ပေသည်။ မိမိတကိုယ်ရေအတွက်ပင် အပေးအယူသဘောများ ရှိနေပါသည်။ စားမည် မစားဘူး၊ ဝယ်မည် မဝယ်ဘူး၊ အခုစားလိုက်ပြီး နောင်မစားတော့ဘူး၊ အခုဝယ်လိုက်ပြီး နောင်မဝယ်တော့ဘူး စသည်ဖြင့် လူပုဂ္ဂိုလ်ဆိုင်ရာတကိုယ်ရေကိစ္စမှာတင် ညှိနှိုင်းစဉ်းစားနေရပြီး အခုပေးမှာလား၊ နောင်ပေး မှာလား၊ အခုယူမှာလား၊ နောင်ယူမှာလား သဘောတရားများဖြင့် လူ့လောကကြီး လည်ပတ်နေရခြင်း ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးပြဿနာမှာ ကမ္ဘာ့စံချိန် စာရင်းစာအုပ်ဖြစ်သည့် ဂင်းနက်စ်စာအုပ်တွင် ပင် နာမည်ဆိုးဖြင့် ဖော်ပြခြင်းခံရသော ကမ္ဘာကျော် အရှည်ကြာဆုံးပြည်တွင်းစစ်နှင့် ဆက်စပ်ပြဿနာ ဖြစ်သည်။ ငြိမ်းချမ်းရေးဟုဆိုသော်လည်း ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသက်သက် မဟုတ်ဘဲ၊ နိုင်ငံရေး ပြဿနာ၊ တိုင်းရင်းသား အခွင့်အရေးကိစ္စများ၊ ပြည်နယ်များ၏ အရင်းအမြစ်ခွဲဝေရေး အကြောင်းအရာ များမှသည် နောက်ဆုံး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအထိ ဆောင်ရွက်ရမည့်အရေး အရာများက တသီတတန်းကြီး ရှိနေပါသည်။

ထိုသို့ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ပြဿနာများကို နေ့ချင်းညချင်း ရှင်းလင်းနိုင်မည်လည်း မဟုတ်ပါ၊ သို့သော် ယနေ့မှစတင်ပြီး မရှင်းလင်း၍လည်း မရပါ။ မြန်မြန်ဆွေးနွေး ညှိနှိုင်းတိုင်ပင်ပြီး အဖြေရှာကြ မည်ဆိုလျှင် ညီညွတ်ကြပါက တပြည်လုံးငြိမ်းချမ်းရေးရရန် မြန်မြန်နီးစပ်မည်ဖြစ်သည်။ လက်နက်ကိုင်တိုင်းရင်းသားအစုအဖွဲ့များအပါအဝင် တိုင်းရင်းသားပြည်သူတရပ်လုံးကို ကိုယ်စားပြု သူများ ပါဝင်မည့် ၂၁ ရာစု ပင်လုံညီလာခံကို မြန်မြန်ဆန်ဆန် ကျင်းပနိုင်ရေး ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းခဲ့သည်။

"၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ရန်အတွက် မိမိအနေဖြင့် အချိန်ဆွဲဆောင်ရွက်သွားမည် မဟုတ်ပါကြောင်း၊ တစ်လ၊ နှစ်လအတွင်းမှာ ယခုအစီအစဉ်များကို ပြီးမြောက်၍ ငြိမ်းချမ်းရေးညီလာ ခံကို စတင်ဆောင်ရွက်သွားချင်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကို နိစ္စဓူဝလိုအပ်နေပါ ကြောင်း၊ နေ့စဉ် ငြိမ်းချမ်းရေးမရသည့်အတွက် ဒုက္ခခံနေရသည့် မိမိတို့ နိုင်ငံသူနိုင်ငံသားများအတွက် တရက်စီ၏ ၂၄ နာရီသည် နည်းသည့်အချိန် မဟုတ်ပါကြောင်း" ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ငြိမ်းချမ်းရေးကို အပေးစိတ်ဖြင့် ဆောင်ရွက်ပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရေးမှာ တကယ်တော့ အပြောလွယ် အလုပ်ခက်ဖြစ်သည်။ နှစ်ပေါင်း ၆၀ ကျော် တိုင်းရင်းသားပြည်သူတရပ်လုံး လိုချင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးသည် အဓိကအားဖြင့် လက်နက်ကိုင်တိုင်းရင်းသားများနှင့် စစ်တပ်၏ မည်မျှအပေးစိတ်ဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်သနည်းမေးခွန်းပေါ်တွင် မူတည်နေပါသည်။ ငြိမ်းချမ်းရေးသည် အပြောလွယ်ပြီး အလုပ်ခက်သလောက် အချိန်တနာရီစောရလေ ဘေးဒုက္ခရောက် နေသူ တိုင်းရင်းသားပြည်သူများအတွက် ကောင်းလေဖြစ်ရာ မဇ္ဈိမသည် ဒေါ်အောင်ဆန်းစုကြည်၏ အပေးစိတ်ဓာတ်ကို ထောက်ခံလိုက်သည်။

"အပေးအယူဟုဆိုသည့်နေရာတွင် နိုင်ငံပေါ်ထားသည့် စေတနာ၊ မိမိဂုဏ်သိက္ခာအရ ကိုယ်ဘာပေးနိုင်သည်ကို ဦးစားပေး၍ ဆွေးနွေးစဉ်းစားစေချင်ပါကြောင်း၊ ကိုယ်ဘာလိုချင်လဲ ကြည့်မည်ဆိုပါက တိုင်းရင်းသားမျိုးစုံဖြင့် တည်ဆောက်ထားသည့် ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့၊ ညီညွတ်မှုဖို့သည် လွယ်မည်မဟုတ်ပါကြောင်း" ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည် ဖြစ်ရာ မလွယ်သောအလုပ်၊ ခက်ခဲသောအလုပ်ကို အပေးစိတ်ထား၊ အပေးစေတနာထားကာ ငြိမ်းချမ်း ရေးကို အမြန်ဆုံးရရှိရန်နှင့် ဆိုင်သူအားလုံးက ကြိုးပမ်းဆောင်ရွက်ကြပါမည့်အကြောင်းနှင့် ငါမှငါ၊ ငါလိုချင်တာရမှ အားလုံးပြေလည်လိမ့်မည်ဟူသော သဘောထားများမှာ ပြောင်းလဲချိန်တန်ပြီဟု ဆိုလိုရင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly