အမရပူရမြို့နယ် လ၀ကရုံးကို ဖောက်ခွဲတိုက်ခိုက်ဟု NMD PDF ထုတ်ပြန်

By 007(မဇ္စျိမ)
08 December 2023
အမရပူရမြို့နယ် လ၀ကရုံးကို ဖောက်ခွဲတိုက်ခိုက်ဟု NMD PDF ထုတ်ပြန်

မန္တလေးတိုင်း ၊ အမရပူရမြို့နယ် လ၀ကရုံးကို ယမန်နေ့ နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force-NMD  အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တိုက်ခိုက်မှုအတွင်း ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း သိရပြီး“အထိအခိုက်စာရင်းကတော့ စုံစမ်းနေတုန်းပါခမျ” ဟု NMD အဖွဲ့မှ တာ၀န်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

အမရပူရမြို့နယ် ၊ မှန်တန်းရပ်ကွက် အနောက်ဘက်ရှိ မြို့နယ်လ၀ကရုံး (လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန)ကို ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် နံနက် ၆ နာရီခန့်တွင် အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း ပြုလုပ်ရာတွင် အချိန်ဆွဲ ငွေညှစ်လာဘ်စားနေကြောင်း အထောက်အထားနှင့်တကွ တိုင်ကြားလာခြင်းများ ရှိလာသဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နို၀င်ဘာလ ၂၅ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်းနှင့် ၁၁၂ လမ်းထောင့်ရှိ မန္တလေးခရိုင် ရဲတပ်ဖွဲ့ရုံး ၀န်ထမ်းလိုင်းခန်းအား ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ ရဲများထမင်းစားနေချိန်ဖြစ်သဖြင့် ထိခိုက်မှု ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ယန္တရားလည်ပတ်စေရန် ဒေါက်တိုင်ဖြစ်နေသည့်အပြင် ပြည်သူလူထုကို လက်နက်ပြခြိမ်းခြောက်ကာ ကားနှင့်ဆိုင်ကယ်များအား ဖမ်းဆီးငွေညှစ်ခြင်း အပါအ၀င် နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေးနေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ နို၀င်ဘာလ ၁၀ ရက်နေ့တွင်လည်း အမရပူရမြို့နယ် ၊ ရွှေကြက်ယက်တိုက်နယ် စိန်တုန်းရပ်ကွက်ရှိ ပျူစောထီးခေါင်းဆောင်ဆိုသူ ဖိုးချွန်း၏နေအိမ်ကိုလည်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ် ရှမ်းကလေးကျွန်းနှင့် သံသေကပ်ကျော်ဘုရားအနီးတွင် ခရီးသည်တင်ယာဉ်များအား တားဆီးငွေညှစ်နေသည့် စည်ပင်သာယာ၀န်ထမ်းများပါ၀င်သောအဖွဲ့ကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ် မိုင်းရှင်းလင်းရေးအဖွဲ့က တွေ့ရှိသွားသဖြင့် မအောင်မြင်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း။       ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။      ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly