တမူးမြို့ အောင်ဇေယျရွာ စစ်ကောင်စီတပ်စခန်း တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တိုက်ခိုက်

By ပါခွီး(မဇ္စျိမ)
08 December 2023
တမူးမြို့ အောင်ဇေယျရွာ စစ်ကောင်စီတပ်စခန်း တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တိုက်ခိုက်
ပုံအညွှန်း - တမူး - အောင်ဇေယျကာလမ်းပိုင်းကို ကာကွယ်ရေးတပ်ဖွဲ့ကင်းလှည့်နေစဥ် (ပုံဟောင်း)

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အထက်ပိုင်း၊ အောင်ဇေယျရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

အောင်ဇေယျရွာရှိ စစ်ကောင်စီတပ်ဖွဲ့ ၊ ရှမ်းနီ ၊ ပျူစောထီးဆိုသူများနှင့် အိန္ဒိယကို တော်လှန်တိုက်ခိုက်နေသည့် ကသဲ (မဏိပူရ) လက်နက်ကိုင်များ စုပေါင်းအင်အား ၂၀၀ ခန့်ရှိသော စခန်းကို တမူးမြို့နယ် ခရိုင်တပ်ရင်း(၁) ၊ (၂)နှင့် ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) (KNA – Burma) တို့က ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် နံနက်မှ စတင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“တိုက်ပွဲမပြီးသေးပါဘူး ၊ ဆက်လက်ဖြစ်ပွားနေဆဲပါ ၊ကျနော်တို့ စခန်းကိုသိမ်းပိုက်ရရှိခြင်း မရှိသေးပါဘူး” ဟု KNA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မဇ္စျိမသို့ ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားကျဆုံးမှုများရှိ သော်လည်း အရေအတွက်ကို အတည်မပြုနိုင်‌ သေးကြောင်းနှင့် ကသည်းတပ်ဖွဲ့ဝင်များလည်း စခန်းစွန့်ခွာ ထွက်ပြေးလျက်ရှိကြောင်း ၎င်းကဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင် ခရိုင်ရင်းမှ ရဲဘော်တဦး ကျဆုံးပြီး သုံးဦး ဒဏ်ရာရရှိထားကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေခြင်း‌ကြောင့် ယင်းကျေးရွာရှိ အိမ်ခြေ ၁၅၀ကျော်မှ ဒေသခံများ စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း တမူးမြို့နယ် ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက ပြောသည်။

အောင်ဇေယျကျေးရွာသည် တမူးမြို့မှ မိုင် ၄၀ခန့်ကွာဝေးပြီး အိန္ဒိယ - မြန်မာ နယ်စပ်တွင် တည်ရှိသည်။

တမူးမြို့နယ် ၊ ထန်းတပင်ရွာကို စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာလ ၃ရက်နေ့နှင့် ၄ ရက်‌နေ့ တို့တွင် ဝင်ရောက်မီးရှို့ခဲ့ရာ အိမ်ခြေ ၂၀၀ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများ တပ်စွဲထားသည့် ပန်းသာရွာကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိနေပြီး ခါမ်းပါတ်မြို့ကို တော်လှန်ရေးတပ်ဖွဲများက ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်ရန် စစ်ကြောင်းထိုးလာနေသဖြင့် စစ်ရေးတင်းမာလျက်ရှိနေကြောင်းလည်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly