စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာက ပျူစောထီးများ တိုက်ခိုက်ခံရ

By ကိုခင်မောင်(မဇ္စျိမ)
08 December 2023
စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာက ပျူစောထီးများ တိုက်ခိုက်ခံရ
ပုံအညွှန်း။   ။ ကြွယ်ပုံရွာအနီးတိုက်ပွဲတွင် ပျူစောထီးများထံမှ သိမ်းဆည်းထားသော G3 သေနတ် (ဓာတ်ပုံ။    ။ PHOENIX SGG)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံပျူစောထီးရွာမှ ပျူသုံးဦးအား ပစ်ခတ်တိုက်ခိုက်ရာ တဦးသေဆုံးပြီး ၎င်းကိုင်ဆောင်သော သေနတ်နှင့် ခဲယမ်းများအား သိမ်းဆည်းနိုင်ခဲ့ကြောင်း PHOENIX(SGG) တပ်ဖွဲ့မှ ဒီဇင်ဘာလ ၇ရက်တွင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၆ ရက်  မွန်းတည့် ၁၂ နာရီ ၃၀မိနစ်အချိန်ခန့်တွင်  ကြွယ်ပုံရွာမှ ကင်းထိုးရန်ထွက်ခွာလာသော ပျူစောထီး သုံးဦးအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ  ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဇော်ဦးဆိုသူအား ရှင်းလင်းနိုင်ခဲ့သည်ဟု  PHOENIX (SGG) အဖွဲ့၏ တာဝန်ခံက မဇ္စျိမအားပြောသည်။

“ပျူရွာထဲကနေ ရှေ့ကာကင်း ထိုးလာတဲ့ ပျူသုံးကောင်ကို စောင့်ကြိုပစ်ခတ်ခဲ့တာပါ။ ကြွယ်ပုံရွာနားမှာပဲ ဖြစ်တာ။ ရှေ့ဆုံးကနေ ကင်းကျွံလာတဲ့  ကြွယ်ပုံရွာသား ပျူစောထီး ဇော်ဦးကို အသေပစ်ဖမ်းခဲ့ပြီး သူကိုင်လာတဲ့  လက်နက်တွေလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ကျန်နှစ်ကောင်က နောက်မှ ကျန်ခဲ့တော့ ထွက်ပြေးလွတ်မြောက်သွားတာပေါ့” ဟု PHOENIX (SGG) အဖွဲ့၏ တာဝန်ခံက ဆိုသည်။

ထိုသို့ ပစ်ခတ်မှုအတွင်း ဇော်ဦးဆိုသူကိုင်ဆောင်လာသည့် G3 သေနတ်တလက်၊ ကျည်ဘောက်တခုနှင့် ကျည်  ၁၇တောင့်တို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များမှ သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“ထိတွေ့ပစ်ခတ်မှုက ပျူရွာနဲ့ တအားနီးတော့ စစ်ကူက သုံးမိနစ် အတွင်းရောက်လာတာပေါ့၊ စစ်ကူကိုတော့ ကျနော်တို့နဲ့ မဟာမိတ် အဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့တယ်ဗျ၊ အဲ့မှာ ဒီကောင်တွေ ရှေ့ကို တအားမတိုးရဲတော့မှ ကျနော့်ရဲဘော်တွေ ပျူဆီကနေ အလက်ကောက်ပီး ပြန်ဆုတ်လာနိုင်ခဲ့တာပေါ့” ဟု PHOENIX (SGG) အဖွဲ့၏ တာဝန်ခံက ဆက်လက်ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကူရောက်လာသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများအား ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုကို PHOENIX SGG၊ စစ်ကိုင်းမြို့နယ် ပကဖ၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Young People Defence Force၊ Fight For Federal၊ Royal Falcon Guerilla Force၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇)နှင့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာတွင်  စစ်ကောင်စီတပ်မှ လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအင်အား ၅၀ကျော်ရှိပြီး ထိုရွာထဲ၌ စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲထားလျက်ရှိကြောင်း  PHOENIX (SGG) အဖွဲ့၏ တာဝန်ခံက ဆိုသည်။

ထို့အပြင် ကြွယ်ပုံကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အနီးဝန်းကျင်ရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ပြည်သူများအားဖမ်းဆီးခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်ဟု PHOENIX (SGG) အဖွဲ့ထံမှသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly