ရွှေဘိုတက္ကသိုလ်ရှေ့ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်

By MTO(မဇ္ဈိမ)
08 December 2023
ရွှေဘိုတက္ကသိုလ်ရှေ့ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်
ပုံအညွှန်း - သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုတွေ့ ရစဉ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ၊ ရွှေဘိုတက္ကသိုလ်‌ရှေ့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ ၆ ရက် ည ၉ နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ က ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

“အရင်ဆုံး သူတို့ ဘန်ကာထဲကို လက်ပစ်ဗုံးတလုံး ပစ်ထည့်လိုက်တာ ခဏကြာတော့ သူတို့ (စစ်ကောင်စီတပ်သား)ဘက်က ဘန်ကာရှေ့ကိုထွက်လာတာ။ အဲ့ကျမှ ကျတော် ဘက်က လက်ဦးမှု ရယူပြီး ပစ်ခတ်ဆုတ်ခွာလာတာ” ဟုသိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်သိဒ္ဓိက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ‌သုံးဦးမှာ တက္ကသိုလ်ဝင်း အတွင်း၌ ကုသမှုခံယူနေကာ ကျန်လေးဦးအား ရွှေဘိုဆေးရုံကြီးသို့ ပို့ဆောင်ကုသရာ နှစ်ဦးမှာ သေဆုံးနိုင် ချေရှိကြောင်း သိရသည်ဟု ဗိုလ်သိဒ္ဓိက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယင်းနေ့ ည ၁၀ နာရီ ၃၀မိနစ်အချိန်တွင် ရွှေဘို ကညန ရုံးတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“သူတို့ တက္ကသိုလ်ဘက်ကိုမဲပြီး စစ်ကူသွားနေတဲ့အချိန် ကျတော်တို့က ပြန်ဆုတ်ပြီး ကညန မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို သွားရောက်ပစ်ခတ်ခဲ့တာ” ဟု ဗိုလ်သိဒ္ဒိက ပြောသည်။

ယခုတိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် ပ.က.ဖ (သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)နှင့် တာနောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်ဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly