မန္တလေးတွင် အမေ့လျော့ခံ သူရဲကောင်းများအတွက် ဆက်လက်တိုက်ပွဲဝင်စို့ စာတန်းဖြင့် ဆန္ဒပြ

By 008 (မဇ္ဈိမ)
07 December 2023
မန္တလေးတွင် အမေ့လျော့ခံ သူရဲကောင်းများအတွက် ဆက်လက်တိုက်ပွဲဝင်စို့ စာတန်းဖြင့် ဆန္ဒပြ

မန္တလေးမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ်  "အမေ့လျော့ခံ သူရဲကောင်းများအတွက် ဆက်လက်တိုက်ပွဲ ဝင်စို့"စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်​ရေး လှုပ်ရှားမှုတရပ်ကို ဒီဇင်ဘာ ၇ ရက်၊ နံနက်ပိုင်းတွင် မန္တလေးသပိတ်အင်အားစုက ပြုလုပ်ခဲ့သည်။

"၂၀၂၁ ခုနှစ် စစ်ဗိုလ်ချုပ်များရဲ့ ကိုယ်ကျိုးဖက်  မတရားအဓမ္မအာဏာလုယူခဲ့တဲ့အချိန်မှာ ပြည်သူလူထုတရပ်လုံးက တရားမျှတမှုတွက် ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးအတွက် အသက်ပေးဘဝပေး စတေးခဲ့ကြတဲ့ ဓမ္မသူရဲကောင်းများကို အမှတ်ရတဲ့အနေနဲ့ "အမေ့လျော့ခံသူရဲကောင်းများအတွက်ဆက်လက်တိုက်ပွဲဝင်စို့"စာတန်းပါစာသားနဲ့ အမျိုးသား​နေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုလုပ်တာပါ။" ဟု မန္တလေးသပိတ်အင်အားစု ဦးဆောင်သူတဦးက ပြောသည်။

"မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်များသည် သမိုင်းပြောင်သည့် အမျိုးသားနေ့ တို့မမေ့၊အမေ့လျော့ခံ သူရဲကောင်းများအတွက် ဆက်လက်တိုက်ပွဲ ဝင်ကြစို့၊ ဘူးဆို ဖရုံမသီး တော်လှန်စည်ကြီး ဆက်ကာတီး၊ စနစ်ဆိုးထဲက ကုန်စျေးနှုန်းလူထုအားနဲ့စုကာရုန်း" စသည့် စာတန်းချိတ်ဆွဲပြီး ဆန္ဒပြခဲ့ကြသည်။

ထို့ပြင် "ကုန်စျေးနှုန်းရဲ့ကြီးမြင့်မှု စစ်အစိုးရ အခြေပြု၊ သေနတ်နဲ့ စကားပြောသူကို လက်အုပ်ချီဖို့မလို၊ အကျဥ်းကျနိုင်ငံမှာ အလံနီဟာ နယ်မြေတိုင်း စိုက်ထူ ရွက်လွှင့်ရမယ်၊ ရွှေပြည်စိုး စစ်ဆင်ရေးကို ထောက်ခံကြောင်း"စသည့် စာသားများပါသော စာရွက်ကို ဖြန့်ဝေခဲ့ကြသည်။

အာဏာသိမ်း စစ်တပ်က ပြည်သူ့မြို့ပြတော်လှန်ရေး ရဲဘော်များကို လက်နက်ကြီး (RPG) အသုံးပြုတိုက်ခိုက်ခဲ့၍  PDF ရဲဘော် ရှစ်ဦး သေဆုံးကာ ရှစ်ဦးဖမ်းဆီးခံခဲ့ရသည့်  ၁၁၁ လမ်း ၅၁ လမ်းထောင့်ရှိ နေအိမ်တွင်"အ​မေ့ လျော့ခံ သူရဲ​ကောင်းများအတွက် ဆက်လက်တိုက်ပွဲဝင်စို့"စာတန်းချိတ်ဆွဲခဲဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly