“ဖက်ဒရယ် ဒီမိုကရေစီ” သို့ ပြန်သွားရန် မြန်မာကို အိန္ဒိယ သတိပေး 

“ဖက်ဒရယ် ဒီမိုကရေစီ” သို့ ပြန်သွားရန် မြန်မာကို အိန္ဒိယ သတိပေး 
Photo - Twitter

ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်တပ်နှင့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေချိန်၌ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအား ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းသို့ ပြန်သွားရန် ဗုဒ္ဓဟူးနေ့က သတိပေးသည်။ 

အဆိုပါ သတိပေး သတင်းစကားကို အိန္ဒိယ နိုင်ငံခြားရေး အတိုင်ပင်ခံရုံးကို ကိုင်တွယ်ရသည့် နိုင်ငံခြားရေးအတွင်းဝန် ဗီနေး မိုဟန် ကွာထရာက မြန်မာ စစ်ကောင်စီခန့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးလွင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား သတင်းစကား ပါးလိုက်ခြင်း ဖြစ်သည်။ 

“နယ်စပ်တလျှောက် အခြေအနေ၊ လုံခြုံရေး၊ ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဆက်သွယ်ရေး၊ မြန်မာနိုင်ငံရှိ အပြန်အလှန် ဖွံ့ဖြိုးရေး စီမံကိန်းများ၏ အခြေအနေနှင့် နယ်စပ်ဖြတ်‌ကျော် မှုခင်းများနှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများ စသည့် ကိစ္စအဝဝကို နှစ်ဖက်စလုံးက ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြောင်း၊ အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံ၏ ဖက်ဒရယ် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းမှုအား အားပေးထောက်ခံကြောင်းကို ထပ်လောင်းဖော်ပြခဲ့ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

မြန်မာအာဏာသိမ်းစစ်တပ်သည် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်နေပြီး ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်၌ မြို့အချို့ကို လက်လွှတ်ခဲ့ရသည်။ 

ပြင်းထန်သည့် တိုက်ပွဲများနောက်၌ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာသည် အိန္ဒိယဘက်သို့ ထွက်ပြေးခိုလှုံကြရာ အာဏာသိမ်းစစ်တပ်၏ စစ်သားများပါ ပါဝင်ခဲ့သည်။ ပဋိပက္ခနှင့် ပတ်သက်ကာ “လွန်စွာ စိုးရိမ်ပူပန်ကြောင်း” ဝန်ကြီးဌာန၏ တရားဝင် ပြောခွင့်ရသူက ဖော်ပြခဲ့သည်။ နှစ်ဖက်စလုံးသည် “လုံခြုံရေးအခြေအနေ၊ နယ်စပ်စီမံခန့်ခွဲမှုနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းများအရေး”တို့ကို ဆွေးနွေးခဲ့ကြသည်ဟု ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးမှုအကြောင်း တရားဝင် ပြောခွင့်ရှိသူ အာရင်ဒမ် ဘတ်ဂ်ချီက ဆိုသည်။ 

“အိန္ဒိယက အပြန်အလှန် ချိတ်ဆက်သည့် စီမံကိန်းများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်အောက်က စီမံကိန်းများနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများအပါအဝင် ပြည်သူ့ဗဟိုပြု လူမှု-စီးပွား ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆက်လက်ထောက်ပံ့သွားမည်ဟု ပြောဆိုခဲ့ကြောင်း” ဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly