မြန်မာတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့မှု အမြန် ရရှိမည်ဟု တရုတ် မျှော်လင့် 

By WASU
07 December 2023
မြန်မာတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့မှု အမြန် ရရှိမည်ဟု တရုတ် မျှော်လင့် 
ဓာတ်ပုံ- တရုတ်သံအမတ် ဝန်ယီ

မြန်မာနိုင်ငံသည် အမျိုးသား ပြန်လည်ရင်ကြားစေ့မှုကို လျင်မြန်စွာ ရရှိပြီး နိုင်ငံရေး အသွင်ကူးပြောင်းမှု ဆက်လက်ဖြစ်ပေါ်မည်ဟု တရုတ်က မျှော်လင့်ထားကြောင်း ထိပ်တန်း တရုတ်သံအမတ် ဝန်ယီက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

ဝန်ယီသည် ပေကျင်းတွင် မြန်မာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းရွှေနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုများကို အမြစ်ဖြတ်ရန် ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းသင့်သည်ဟု ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ၂၀၂၁ အာဏာသိမ်းမှု၌ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချပြီး အာဏာသိမ်းချိန်မှစကာ အကြီးဆုံးစိန်ခေါ်မှုအဖြစ် တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့၏ ပြင်းထန်သော ထိုးစစ်များနှင့် အာဏာသိမ်းစစ်တပ်မှာ ရင်ဆိုင်နေရသည်။ 

တချိန်တည်းတွင် တရုတ်နိုင်ငံသားများဆီမှ ငွေကြေးအမြောက်အမြားကို လိမ်လည်ရယူနေသော မြန်မာနိုင်ငံတွင်းက အွန်လိုင်းလိမ်လည်မှုဂိုဏ်းများကို တရုတ်က ဖြိုခွင်းလျက် ရှိနေသည်။ 

“မြန်မာဟာ ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန်ပဲ ဖွဲ့စည်းပုံ မူဘောင်အောက်မှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ရရှိပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ထွန်းမယ်လို တရုတ်က ယုံကြည်ပါတယ်”ဟု တွေ့ဆုံမှု၌ ဝန်ယီက ပြောခဲ့သည်။ 

အွန်လိုင်းလိမ်လည်မှုများကို ဖြိုခွင်းခြင်းနှင့် မြန်မာမြောက်ပိုင်း၌ ပိတ်မိနေသူများကို ကယ်ထုတ်ခြင်း၌ နှစ်နိုင်ငံကြား မကြာသေးခင် ပူးပေါင်းဆောင်ရွက်မှုများ၌ ရလဒ်များ ဖြစ်ထွန်းခြင်းကိုလည်း ၎င်းက အသိအမှတ် ပြုသည်။ 

“နှစ်နိုင်ငံစလုံးအနေနဲ့ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်မာအားကောင်းစေပြီး အွန်လိုင်းလိမ်လည်မှု ကင်ဆာဆဲလ်တွေကို လုံးဝ အမြစ်ဖြတ်ပစ်ရမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံသည် တရုတ်ထံ အွန်လိုင်းလိမ်လည်မှု သံသယရှိသူ ၃၁,၀၀၀ ကျော်ကို လွှဲအပ်ထားကြောင်း ပေကျင်းက ပြီးခဲ့သည့်လအတွင်း ပြောထားသည်။ နေ့စဉ် အွန်လိုင်းလိမ်လည်မှုနှင့် ထိတွေ့ရသူပေါင်း ၁၀၀,၀၀၀ ကျော် ရှိပြီး မြန်မာနိုင်ငံ၌ ထိုလိမ်လည်မှုစင်တာပေါင်း အနည်းဆုံး ၁,၀၀၀ ခန့် ရှိသည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြထာသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly