နေပြည်တော်တွင် စက်သုံးဆီ တန်းစီဝယ်ယူရပြီး လမ်းဘေးဆီဆိုင်ငယ်များ၌ ကျပ် ၆,၀၀၀ အထိမြင့်တက်

By 001 (မဇ္စျိမ)
07 December 2023
နေပြည်တော်တွင် စက်သုံးဆီ တန်းစီဝယ်ယူရပြီး လမ်းဘေးဆီဆိုင်ငယ်များ၌ ကျပ် ၆,၀၀၀ အထိမြင့်တက်
Photo - ​နေပြည်​တော် မြို့မ​စျေးအနီးရှိ Denkoဆီဆိုင်တွင် ဆီတန်းစီဝယ်ယူ​နေသူများအား ယ​​နေ့ နံနက်ပိုင်းက​တွေ့ရစဥ်။

စစ်​ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် စက်သုံးဆီဆိုင်အချို့ အရောင်းပိတ်ထားရသည့်အပြင် ဆီရရှိသည့် ဆိုင်များတွင်လည်း အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရကာ ရေသန့်ဘူးဖြင့်ရောင်းချနေသည့် လမ်းဘေးဆီဆိုင်ငယ်များတွင် ဓာတ်ဆီတလီတာ ကျပ် ၆,၀၀၀ ဝန်းကျင် ရောက်ရှိနေကြာင်း မြို့ခံများကပြောသည်။

“လိုသလောက်လည်းမရဘူး။ တချို့ဆိုညအိပ်ပြီးတော့ကို တန်းစီနေရတာ။ နေပြည်တော်ဆီဆိုင်တွေ ဆီပြတ်တာက ၄ ရက်နေ့လောက်ကတည်းကပြတ်တာ။ ဝယ်လို့မရတဲ့ဆိုင်က များနေတာ”ဟု နေပြည်တော်ရှိ သုံးဘီးအငှားယာဉ်မောင်းတဦးက ပြောသည်။

ထို့ပြင် နေပြည်တော်မြို့မဈေးအနီးရှိ Denko ဆီဆိုင်တွင်လည်း ဆိုင်ကယ်နှင့် မော်တော်ယာဉ်အစီးရေ အများအပြား စက်သုံးဆီဝယ်ယူနိုင်ရေး တန်းစီစောင့်ဆိုင်းနေကြသည်ကို ယနေ့ နံနက်ပိုင်းက တွေ့ရသည်။

နေပြည်တော်ရှိ လမ်းဘေးအရောင်းဆိုင်ငယ်များတွင် ယခင်က ဓာတ်ဆီတလီတာကို ကျပ် ၂,၅၀၀ ဝန်းကျင်ဖြင့်ရောင်းချခဲ့သော်လည်း ယမန်နေ့ကစတင်၍ ကျပ် ၆,၀၀၀ ဖြင့် ရောင်းချနေကြောင်း မြို့ခံများကပြောသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့တွင်လည်း ယမန်နေ့ကအထိ စက်သုံးဆီဆိုင်ကြီးများ ပိတ်ထားပြီး ယနေ့ ဆိုင်အချို့ ပြန်လည်ရောင်းချနေသော်လည်း တန်းစီဝယ်ယူနေရကြောင်း ပျဉ်းမနားမြို့ခံတဦးကပြောသည်။

“မနေ့ကအထိ မြို့ပေါ်ကစက်သုံးဆီဆိုင်အကြီးကြီးတွေ ပုဂ္ဂလိကရော အစိုးရရော လုံးဝမရောင်းဘူး။ ဒီနေ့ကျတော့ ကျွန်တော်ကြားတာပေါ့။ ကြားတယ်ဆိုတာလည်း တကယ်သွားခဲ့တဲ့သူတွေက ပြောတာပါ။ ခိုင်မာပါတယ်။ မြို့ပေါ်က Power 9 တို့ Maxတို့ ဘာတို့တော့ တန်းစီစနစ်နဲ့ရောင်းပေးတယ်။ အမြန်လမ်းပေါ်မှာရှိတဲ့ ပုဂ္ဂလိကဆိုင်သေးသေးလေးတွေကတော့ လူနည်းတာပေါ့။ သူကတော့ နည်းနည်းလည်း ဈေးလည်း ပိုကောင်းပိုနိုင်တယ်”ဟု ပြောသည်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ နိုင်ငံခြားသုံးငွေ မူဝါဒအပြောင်းအလဲကြောင့် စက်သုံးဆီကဏ္ဍအပေါ် ခဏတာ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာများမှတဆင့် ပြောဆိုထားသည်။

"စက်သုံးဆီနဲ့ပတ်သက်ပြီး စက်သုံးဆီတင်သွင်းရမယ့် လိုအပ်တဲ့ပမာဏ ကျွန်​တော်တို့နိုင်ငံမှာတင်သွင်းဖို့အတွက် အသင့်ရှိပါတယ်။ တင်သွင်းဖို့အတွက် ​ရောက်ရှိ​နေတဲ့ သင်္ဘောများလည်း ရှိပြီးဖြစ်ပါတယ်"ဟု ၎င်းကဆိုသည်။

စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ထုတ်ပြန်ချက်အရ နေပြည်တော်တွင် စက်သုံးဆီ 92 တလီတာကို လက်လီဈေးနှုန်း ၂,၅၅၅ ကျပ်၊ 95 တလီတာကို ၂,၆၉၀ ကျပ်ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly