ကော့ကရိတ်မြို့တွင်း ပိတ်မိနေသူများ မြို့မှအမြန်ဆုံး ထွက်ခွာလို

By YT (မဇ္ဈိမ)
06 December 2023
ကော့ကရိတ်မြို့တွင်း ပိတ်မိနေသူများ မြို့မှအမြန်ဆုံး ထွက်ခွာလို
ပုံအညွှန်း- မြဝတီ- ကော့ကရိတ် လမ်းတနေရာ (ဓါတ်ပုံ- လူမှုကွန်ရက်)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တဝိုက် ဖြစ်ပွားနေဆဲ တိုက်ပွဲများကြောင့် မြို့တွင်း၌ ပိတ်မိနေသည့် ဒေသခံများအနေဖြင့် မြို့ပြင်သို့ အမြန်ဆုံး ထွက်ခွာလိုနေကြကြောင်း ပိတ်မိနေသည့် ဒေသခံများနှင့် ကူညီပေးနေသူများထံက သိရသည်။

" မြို့ထဲမှာ အခြေအနေကတော့ ပြင်းထန်နေတယ်၊ တိုက်ပွဲတွေလည်း ဖြစ်နေတယ်၊ နောက်ပြီးတော့ ရပ်ကွက်မှာလည်း ဘယ်သူမှမှ မရှိတော့ဘူး၊ အပြင်ထွက်လို့မရဘူးဆိုတာက အဖေက လေမိနေတယ် ကလေးငယ်နဲ့ ကိုယ်က ဘယ်မှသွားလို့မရဘူးလေ၊ အဲ့ဒါကြောင့် သူများတွေက သွားတယ်ဆိုတော့ ကိုယ်က လိုက်ချင်တယ်၊ ချိတ်တဲ့ကားတွေကလည်း သူတို့ဘာသာ သူတို့ ထွက်သွားတဲ့ ကားတွေနဲ့ နောက်ပြီး သူများလူနဲ့သူများ ပြည့်ပြီးသား ကားတွေနဲ့ အဲ့ဒီလိုဖြစ်နေတာ" ဟု ရပ်ကွက် (၅) တွင် ပိတ်မိနေဆဲ အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။ 

ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ကော့ကရိတ်မြို့နယ်တဝိုက်ရှိ စစ်ကောင်စီအထိုင်ချ ရဲစခန်း၊ တပ်စခန်းများအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ယနေ့အထိ တိုက်ပွဲဆက်လက် ပြင်းထန်နေခြင်း ဖြစ်သည်။ 

ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသတွင်း လူမှုကူညီရေးအသင်းဝင်များ အပါအဝင် သောင်းနှင့်ချီသော ဒေသခံများသည် ရန်ကုန်၊ အိန္ဒု၊ ဘားအံ၊ မော်လမြိုင်ဘက်သို့ တိမ်းရှောင်ထွက်ပြေး နေကြကြောင်း သိရသည်။ 

"ကျွန်တော်တို့ကတော့လည်း လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ ဘာတခုမှ လုပ်လို့မရတော့ဘူး၊ မရတော့တဲ့အတွက် အသက်ဘေးအတွက် မိသားစုနဲ့အတူ ထွက်လာလိုက်တာပါ၊ ကျွန်တော်တို့ အသင်းသားတွေလည်း အကုန် ထွက်လာလိုက်ပါပြီ "ဟု ကော့ကရိတ်အခြေစိုက်  လူမှုကူညီရေး အသင်းတခု၏ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ 

မြို့ပေါ်ရပ်ကွက်များ၌ ပိတ်မိနေဆဲ ဒေသခံအချို့ရှိနေသေးကာ အဆိုပါ ဒေသခံများသည် မြို့ပြင်သို့ ထွက်ခွာလိုနေကြသော်လည်း မြို့တွင်း၌ ဝင်ရောက်မည့် ကားလမ်းများ ပိတ်ခံထားရသဖြင့် လာရောက် ကယ်ထုတ်ပေးမည့်သူ မရှိခြင်းကြောင့် အခက်အခဲဖြစ်နေကြသည်။

" လာကြိုမယ့်သူရှိရင်တော့ ထွက်ချင်တာပေါ့၊ စဖြစ်တဲ့ရက်တုန်းက နှစ်အိမ်ကျော်ကို လက်နက်ကြီးကျတာ ရှိတယ်လေ၊ လူလည်းထိပြီး လက်လေးချောင်းတောင် ပြတ်သွားတယ်၊ ခေါင်းလဲထိတယ်၊ အခု ညီမတို့အိမ်က သိပ်မလုံခြုံလို့ ညီမတို့ ဆရာအိမ်မှာ သွားနေရတယ်၊ ဆရာတို့အိမ်ကျတော့ နည်းနည်းလုံတယ်လေ တိုက်အိမ်၊ ပြီးတော့ အကာအကွယ်လည်း ရှိတော့။ သူတို့အိမ် ဒီနေ့ လက်နက်အသေးထိသွားတယ်" ဟု မြို့တွင်း၌ ပိတ်မိနေသည့် ဒေသခံအမျိုး သမီးတဦးက မဇ္ဈိမကို ပြောသည်။ 

ကော့ကရိတ်မြို့တွင်းသို့ ဝင်ခွင့် မပြုခြင်းနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းကြောင့် မြို့တွင်း ပိတ်မိနေသူများအား ကယ်ထုတ်ရန် ခက်ခဲနေကြောင်း ကူညီကယ်ထုတ်ပေးနေသည့် ကားဆရာတဦးက မဇ္ဈိမကို ပြောသည်။

" မြို့ထဲဝင်ဖို့ကို အဝင်မခံကြဘူး၊ အဲ့ဒါဝင်ဖို့ကို ဘယ်လမ်းကြောင်းကမှ ဝင်လို့မရဘူး၊ ဘယ်သူမှ လက်မခံကြဘူး၊ မနက်ဖြန်တော့ လမ်းကြောင်းတခုရှာပြီး ထပ်ဝင်ဖို့ လုပ်ထားတယ်၊ ဒီနေ့တော့ မြို့တော်ဦးက မိသားစုတစုတော့ ဘားအံ ကျောက်ကလပ်ဘက်ကို ပို့ပေးခဲ့တယ်၊ အခုက သွားချင်တဲ့သူတွေက ဘုန်းကြီးကျောင်းတွေထဲမှာ အများကြီးပဲ လူရာနဲ့ချီတယ်၊ ကော့ကရိတ် အထဲထဲမှာပဲ နေနေကြတာ ပိတ်မိနေကြတာ၊ ထုတ်ပေးမယ့်သူ မရှိကြတာ၊ ကျွန်တော့်ကိုလည်း ဆက်သွယ်လာကြတယ် ကျွန်တော်လည်း ကြိုးစားပေမယ့် မလွယ်ကူဘူး" ဟု ၎င်းက မဇ္ဈိမကို ပြောသည်။ 

တိုက်ပွဲစတင်ဖြစ်ပွားသည့် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများ အသုံးပြု ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့ခံ ၂၀ ကျော်သေဆုံးထားပြီး ဒဏ်ရာရသူများစွာ ရှိနေကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းနိုင်ရန် စစ်ရေးရည်မှန်းချက်ဖြင့် KNU ဦးဆောင်သော ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေရာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်၊

စာတည်း။   ။ နောင်နောင်

#ကော့ကရိတ်
#အရပ်သားပိတ်မိ
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly