လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် ဒေါ်လာ ၂၂၅ သန်း စီမံချက်ကို ထိုင်းအစိုးရ အတည်ပြု 

By Vietnam Plus
06 December 2023
လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် ဒေါ်လာ ၂၂၅ သန်း စီမံချက်ကို ထိုင်းအစိုးရ အတည်ပြု 

၂၀၂၂-၂၃ ရိတ်သိမ်းရာသီအတွင်း လေထုထဲ အမှုန်အမွှားပါဝင်မှု လျှော့ချရာ၌ အထောက်အကူဖြစ်ရန် ရည်ရွယ်လျက် ထိုင်းအစိုးရသည် ကြံစိုက်တောင်သူများ ကြံပင်သစ်များ ခုတ်ယူရာ၌ အရွက်အဖတ် အကြွင်းအကျန်များကို မီးမရှို့ဘဲ ထားရန် သဘောတူသည့် တောင်သူများအတွက် မက်လုံးပေး ကမ်းလှမ်းမည့် ထောက်ပံ့ငွေ ဘတ် ရှစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂၅ သန်း ) စီမံချက်ကို အတည်ပြုလိုက်ပြီ ဖြစ်သည်။ 

အဆိုပါ စီမံချက်အတွက် ရန်ပုံငွေ အထောက်အပံ့ကို နိုင်ငံပိုင် စိုက်ပျိုးရေးနှင့် လယ်ယာပူးပေါင်းဆောင်ရွက်မှု ဘဏ်မှ ထုတ်ယူသွားမည်ဖြစ်သည်ဟု အစိုးရ လက်ထောက်ပြောခွင့်ရသူ ဆူဝန်ကီရီက ပြောသည်။ ယင်း စီမံချက်အရ အရွက်အဖတ်များ မီးမရှို့ဘဲ ကြံပင်သစ် ခုတ်ယူရန် သဘောတူသော တောင်သူများကို အစိုးရက တတန်လျှင် ထိုင်းဘတ်ငွေ ၁၂၀ (၃ ဒသမ ၄ ဒေါ်လာ) ပေးအပ်သွားမည်ဖြစ်သည်။ 

နှစ်စဉ် ဆိုးဝါးလာနေပြီး ပြည်သူသန်းပေါင်းများစွာ၏ ကျန်းမာရေးအပေါ် သက်ရောက်နေသည့် လေထုအတွင်း အမှုန်အမွှားပါဝင်မှု ပြဿနာအား အားချင်းဖြေရှင်းရေးအတွက် အစိုးရက လုပ်ဆောင်လျက် ရှိသည်ဟု ဆူဝန်ကီရီက ဆိုသည်။ 

ထိုအတွက် စိုက်ပျိုးရေးကဏ္ဍတွင် မက်လုံးပေးခြင်းများနှင့် ယင်း ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာ၌ အကူအညီဖြစ်အောင် အိမ်နီးချင်းနိုင်ငံများ၏ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုးပမ်းလျက် ရှိသည်။ 

ယခု စီမံချက်အရ မက်လုံးပေး ဆွဲဆောင်ခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ သဘောတူညီချက်များကို ချိုးဖောက်ရာ မရောက်ကြောင်းလည်း ဆူဝန်ကီရီက ပြောသည်။ ယခု စီမံကိန်းအရ ကြံပင်သစ် ခုတ်ယူရန် ကြံစိုက်တောင်သူများအား တွန်းအားပေးရာ ရောက်ခြင်း၊ လေထုညစ်ညမ်းမှု လျှော့ချနိုင်ခြင်းနှင့် အမှုန်အမွှားပါဝင် ပမာဏ ကျစေခြင်းအတွက် ဖြစ်သည်ဟု ဆိုသည်။ 

စိုက်ပျိုးရေးကဏ္ဍတွင် ထုတ်လုပ်မှု၌ အနုတ်သဘောဆောင်သော သက်ရောက်မှုများနှင့် ကုန်စည်ဈေးနှုန်းအပေါ် ရိုက်ခတ်ခြင်းများ မရှိစေဘဲ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးသည် WTO ၏ Green Box ပြဋ္ဌာန်းချက်များနှင့်လည်း ကိုက်ညီသည်ဟု ဆိုသည်။ 

ထိုင်းနိုင်ငံသည် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီ၌ ခန့်မှန်းကြံပင် တန်ချိန် ၈၂ ဒသမ ၄ သန်း ထွက်ရှိမည် ခန့်မှန်းရပြီး ပြည်တွင်း သကြားစားသုံးမှုမှာ အိတ်ပေါင်း ၂၇ ဒသမ ၇ သန်းရှိ၍ တန်ချိန်အားဖြင့် ၂ ဒသမ ၅၇ သန်း ရှိသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly