လောင်းလုံးမြို့ စရဖရုံး တိုက်ခိုက်ခံရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
06 December 2023
လောင်းလုံးမြို့ စရဖရုံး တိုက်ခိုက်ခံရ
လောင်းလုံးမြို့နယ် မြို့အဝင် ဆိုင်းဘုတ်အား တွေ့ရစဉ်။

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယ‌နေ့ နံနက်တွင် တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

လောင်းလုံးစရဖရုံးကို ယ‌နေ့ဒီဇင်ဘာ ၆ ရက်  နံနက် ၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက လာရောက်တိုက်ခိုက်ခြင်းဟု  ဒေသခံများက ပြောသည်။

“စရဖရုံးကိုပဲ လာပစ်ပြီး ပြန်ဆုတ်သွားတာမျိုးပါ။ ရုံးထဲ အထိတော့ ဝင်စီးတာမျိုး မရှိဘူး”ဟု  လောင်းလုံးမြို့ခံတဦးက ပြောသည်။

နံနက် ၅နာရီခွဲခန့်တွင် ပစ်ခတ်သံများ မကြားတော့‌ဟု ၎င်းက ပြောသည်။တိုက်ပွဲဖြစ်နေချိန်၌  စရဖရုံးအနီးရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လောင်းလုံးမြို့ စရဖရုံး တိုက်ခိုက်သည့် အဖွဲ့ကို မသိရသေးပေ။ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ယနေ့ နေလယ် ၁နာရီခန့်အထိ သတင်းမထုတ်ပြန်သေးပေ။

ယနေ့ နံနက် တိုက်ခိုက်မှုကြောင့်  ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း လောင်းလုံးမြို့နယ်အခြေစိုက်ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) အဖွဲ့ကဆိုသည်။

ထားဝယ်ခရိုင်အတွင်း ရေဖြူမြို့နယ် စရဖရုံးကိုလည်း ပြီးခဲ့သည့် ၂၀၂၂ ခုနစ် ဇူလိုင်လတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့က တိုက်ခိုက်ခဲ့သေးသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly