အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲပြီးနောက် ပျောက်ဆုံးနေသော တောင်တက်သမားများကို ကယ်ဆယ်ရေးသမားများက တက်သုတ်ရိုက် ရှာဖွေရာ၌ ရုပ်အလောင်း ငါးလောင်း တွေ့ရှိရာ အတည်ပြု သေဆုံးသူနှင့် သေဆုံးသည်ဟု ယူဆရသူ ၂၃ ဦးထိ မြင့်တက်လာခဲ့သည်။
မောင့်မာရာပီ မီးတောင် တနင်္ဂနွေနေ့က ပေါက်ကွဲမှု ဖြစ်ရာတွင် တောင်တက်သမား ၅၀ ကျော်ထက်မနည်းကို ကယ်တင်နိုင်ခဲ့ပြီး မီးခိုးနှင့် ပြာမှုန့်များ ထပ်မံ ထုတ်လွှတ်လာခြင်းကြောင့် ရှာဖွေကယ်ဆယ်ရေးကို တနင်္လာနေ့တွင် ယာယီ ရပ်တန့်ထားခဲ့ရခြင်း ဖြစ်သည်။
အမြင့် ၂,၈၉၁ မီတာရှိ မီးတောင်သို့ တောင်တက်သူ ၇၅ ဦးခန့် တက်ရောက်နေချိန် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။
တောင်တက်သမား ၁၁ ဦး သေဆုံးနိုင်သည်ဟု ကနဦးက အတည်ပြုထားသည်။
ပေါက်ကွဲသည့် နေရာအနီး ရုပ်အလောင်း ငါးလောင်းကို တွေ့ရှိပြီး ၁၈ ဦးက သေဆုံးနိုင်သည်ဟု အနောက်ဆူမတြားပြည်နယ် လက်ထောက်ရဲချုပ် အီဒီမာဒီယန်တိုက အင်္ဂါနေ့တွင် ပြောသည်။
“သူတို့တွေ အသက်မရှင်နိုင်ဘူးလို့ ကျွန်တော်တို့ ယူဆတယ်”ဟု ၎င်းက ဆိုသည်။
“ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ကယ်ဆယ်ရှာဖွေမှုတွေ ဆက်လုပ်ပြီး နက်ဖြန် ဒါမှမဟုတ် ဒီနေ့ပဲ ဆေးရုံပို့မှာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။
တောင်ပေါ်မှ လူနာထမ်းစင်ဖြင့် ဒဏ်ရာရ တောင်တက်သမားတဦးကို ကယ်ဆယ်ရေးအဖွဲ့ ကယ်ထုတ်လာပြီး ဆေးရုံပို့ရန် လူနာတင်ကား စောင့်နေသည့် ဗီဒီယိုကို အနောက်ဆူမတြား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီက ဗီဒီယို ထုတ်လွှင့်ခဲ့သည်။
အဆိုပါ မီးတောင် ပေါက်ကွဲမှု ဗီဒီယို၌ ပြာမှုန့်များသည် အမြင့် နှစ်မိုင်အထိ လွင့်တက်နေပြီး အနီးနားရှိ လမ်းနှင့် ရွာများပေါ် လွင့်ကျနေသည်ကို မြင်တွေ့ရသည်။
မောင့်မာရာပီ မီးတောင်သည် ဒေသတွင်း၌ လှုပ်ရှားမှု အရှိဆုံး မီးတောင်များ၌ ပါဝင်ပြီး ဇန်နဝါရီနှင့် ဖေဖော်ဝါရီကြား၌လည်း ပေါက်ကွဲထားသည်။
ယင်း မီးတောင်၌ အသေအပျောက် အများဆုံး ပေါက်ကွဲမှုမှာ ၁၉၇၉ ဧပြီလအတွင်းက ဖြစ်ပြီး လူပေါင်း ၆၀ သေဆုံးခဲ့သည်။
(မိုးသဲ ဘာသာပြန်သည်။)