ပုသိမ်ကြီးမြို့နယ်မှာ စစ်တပ်ထုတ်ကုန် ရောင်းချနေသည့် ဆိုင်များကို အရေးယူသွားမည်ဟု ပအဖ ထုတ်ပြန်

By 008 (မဇ္ဈိမ)
05 December 2023
ပုသိမ်ကြီးမြို့နယ်မှာ စစ်တပ်ထုတ်ကုန် ရောင်းချနေသည့် ဆိုင်များကို အရေးယူသွားမည်ဟု ပအဖ ထုတ်ပြန်

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်အတွင်းတွင် စစ်တပ်ထုတ်ကုန် ပစ္စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချနေသည့် ဆိုင်များကို အရေးယူမှု စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၄ရက်‌ ရက်စွဲဖြင့် ပုသိမ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

မြန်မာဘီယာ အပါအဝင် တားမြစ်ထုတ်ကုန်များအား ဖြန့်ဖြူရောင်းချနေသည့် ပုသိမ်ကြီးမြို့နယ်၊အုန်းချောကျေးရွာရှိ "ဝင်းစတိုး" အရောင်းဆိုင်ကို ဒီဇင်ဘာလ ၃ရက် ညနေ ၅နာရီကျော်က အရေးယူခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မည်သို့အရေးယူခဲ့သည်ကို ကြေညာချက်တွင် ဖော်ပြထားခြင်းမရှိပေ။

"ဗုံးပစ်သွားတာပါ။အပျက်အစီးနည်းပါတယ်။ဆိုင်မျက်နှာစာမှာ ဖြစ်သွားတာပါ"ဟု ဒေသခံတဦးက ဖြစ်စဉ်နှင့်ပတ်သက်၍ မဇ္ဈိမသို့ပြောသည်။

ပုသိမ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စစ်တပ်ထုတ်ကုန်များကို ဆက်လက်ရောင်းချပေးနေသော ဆိုင်များအား ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်သူများအား အသိပေးကြေညာအပ်ပါသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြည်သူများအနေဖြင့် စစ်တပ်ထုတ်ကုန်ရောင်းချနေသော အရောင်းဆိုင်များတွင် ယင်းပစ္စည်းများအား သုံးစွဲ ၊သောက်သုံးခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံအပ်ပါသည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

စာတည်း။ ။ ဖူးသိမ်ကျ

#မန္တလေးတိုင်း

#ပုသိမ်ကြီးမြို့နယ်

#စစ်တပ်ထုတ်ကုန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly