မုန်း စစ်ကောင်စီစခန်းအားလုံး သိမ်းပိုက်ရရှိဟု KNU ထုတ်ပြန်

By YT (မဇ္ဈိမ)
04 December 2023
မုန်း စစ်ကောင်စီစခန်းအားလုံး သိမ်းပိုက်ရရှိဟု KNU ထုတ်ပြန်
ပုံအညွှန်း- KNLA ရဲဘော်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် အများအပြားလက်နက်ချ အညံ့ခံခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ 

မုန်းမြို့ပေါ်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၉၉)၊ (၅၉၀)၊ မုန်းမြို့မ ရဲစခန်းနှင့် မုန်းတံတားထိပ်ရှိစခန်းတို့အား ဒီဇင်ဘာလ ၂ ရက်နေ့၊ ည ၁၁ နာရီ ၄၀ မိနစ်မှစ၍ တိုက်ခိုက်ခဲ့ပြီး  ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့၊ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်ကြောင်း KNU ၏ည‌နေ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။ 

မုန်းမြို့တိုက်ပွဲ၌ ပါဝင်သည့် စစ်ကောင်စီ  ခြေလျင်တပ်ရင်း ခလရ (၈၄)မှ  အရာရှိများရော တပ်ဖွဲ့ဝင်များပါ တပ်ရင်းတရင်းလုံး အလင်းဝင်လာသည်ဟု ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်တဦးကပြောသည်။

အဆိုပါ စစ်ကောင်စီစခန်းများသည် ပြည်သူလူထုကို ပစ်မှတ်ထား၍ လက်နက်ကြီးပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ရာ  ပြည်သူများထိခိုက်သေဆုံးမှု မကြာခဏ ဖြစ်ပေါ်နေသောကြောင့် ဒေသခံလူထု၏  ဆန္ဒအတိုင်း  တိုက်ခိုက်ချေမှုန်းခြင်းဖြစ်ကြောင်း KNU က ဆိုသည်။ 

စခန်းသိမ်းတိုက်ပွဲတွင်  စစ်ကောင်စီဘက်၌သာမက  ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း အထိအခိုက်၊ အကျအဆုံးများ ရှိနေသည်ဟုKNUက ကနဦး ထုတ်ပြန်အသိပေးထားသည်။

လက်ရှိအချိန်တွင် KNLA ပူးပေါင်းတပ်ဖွဲ့က အင်အား ၁၅၀၀ ဖြင့် နယ်မြေရှင်းလင်းရေးများ ပြုလုပ်နေကြောင်း KNU က ဖော်ပြထားသည်။စစ်ကောင်စီတပ်ဘက်မှ  စစ်ကူများကလည်း  ဖြူးမြို့နယ်၊ အုတ်ဖြတ်ရွာဘက်မှတဆင့် မုန်းမြို့ထဲသို့ ဝင်လာနေကြောင်း ဒေသခံတဦး​၏ ပြောကြားချက်အရ သိရသည်။ 

" အခု စကစ စစ်ကြောင်းက အုတ်ဖြတ်ကနေ မုန်းမြို့ဝင်တံတားဘက်ကနေဝင်လာပြီ။ အင်အားဘယ်လောက်ပါလဲတော့ အတိအကျမသိဘူး" ဟု အဆိုပါ ဒေသခံက ညနေ ၆ နာရီ ၂၀ မိနစ်တွင် မဇ္ဈိမကိုပြောသည်။ 

မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို  ထိန်းချုပ်ထားနိုင်ပြီး တိုက်ပွဲများဆက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အမှတ်(၂) စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှူးရဲဘော်တင်ဦးက  မဇ္ဈိမကို ယနေ့ နံနက်တွင် ဖြေကြားထားသည်။ ထို့နောက် KNU က ယခု  ထပ်မံထုတ်ပြန်လာခြင်းဖြစ်သည်။

မုန်းမြို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU)  တပ်မဟာ (၃)နယ်မြေ၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်) အတွင်း တည်ရှိသည်။ မုန်းမြို့တိုက်ပွဲနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းကို  မကြာမီဆက်လက်ထုတ်ပြန်မည်ဟုKNU က အသိပေးထားသည်။

စာတည်း - အေးချမ်း
#မုန်းမြို့
#စစ်ကောင်စီတပ်စခန်းများ
#သိမ်းယူရရှိ
#KNLAနှင့်ပူးပေါင်းတပ်ဖွဲ့များ
#KNU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly