တရုတ်ခရီးစဥ်တွင် ​ဟောင်​ကောင် သတင်း​ထောက်အမျိုးသမီး  စိုးရိမ်ဖွယ် ​ပျောက်ဆုံး​နေ​ 

တရုတ်ခရီးစဥ်တွင် ​ဟောင်​ကောင် သတင်း​ထောက်အမျိုးသမီး  စိုးရိမ်ဖွယ် ​ပျောက်ဆုံး​နေ​ 

တရုတ်တွင် အောက်တိုဘာ ၁ ရက် နှောင်းပိုင်း က ကျင်းပသည့် ကာကွယ်​ရေး ဖိုရမ် သို့ တက်ရောက်ရန် ထွက်ခွာသွား ကတည်းက အဆက်အသွယ် ပျက်သွား​သော South China Morning Post (SCMP) သတင်းထောက် အမျိုးသမီးတဦး၏ လုံခြုံရေးကို လွန်စွာစိုးရိမ်မိကြောင်း ဟောင်ကောင်သတင်းထောက်များအသင်းက ဒီဇင်ဘာ ၁ တွင် ကြေညာချက်ထုတ်ပြန်ထားသည်။ 

SCMP ၏ အကြီးတန်း သတင်းထောက် မီနီချန်း  သည် အောက်တိုဘာ ၂၉ မှ ၃၁ အထိ ကျင်းပ​သော တရုတ်ကာကွယ်ရေးဖိုရမ်တွင် သတင်း ရယူရန် ဟောင်ကောင်မှ တရုတ် သို့ ခရီးထွက်ခဲ့သည်ဟု သူနှင့် နီးစပ်သူ နှစ်ဦး၏ ပြောကြားချက်အရ သိရ​ကြောင်း သတင်းစာ တွင် ​ဖော်ပြထားသည်။ 

SCMP မှ လုပ်​ဖော်ကိုင်ဖက်များနှင့် ချန်း ၏ သူငယ်ချင်းများက  ဖိုရမ်ကျင်းပသည့်နေ့မှစ၍ သူ့ကို ဆက်သွယ်နိုင်ခြင်း မရှိသေးကြောင်း အမည်မ​ဖော်လိုသူ သတင်းရင်းမြစ်များအရ သိရသည်။ 

"ဟောင်ကောင်သတင်းထောက်များအသင်းသည်  ချန်း ၏လုံခြုံရေးအတွက်အလွန်စိုးရိမ်ပြီး SCMP ထံမှအချက်အလက်များပိုမိုတောင်းခံနေသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ချန်း သည် ပုဂ္ဂိုလ်ရေးအရ အနားယူသွားခြင်းဖြစ်​ကြောင်း SCMP က ရိုက်တာ သတင်းဌာန သို့ ပြောကြားသည်။ ချန်း ၏မိသားစုက "သူတရုတ် မှာ ရှိနေကြောင်း အသိပေးခဲ့​ပေမယ့် သူရဲ့ ကိုယ်​ရေးကိုယ်တာ ကိစ္စရပ် အတွက် အချိန်လိုအပ်တယ် လို့ ​ပြောတယ်။ သူလုံခြုံကြောင်း မိသားစုဝင်များက ​ပြောတယ်။ ဒါ​ပေမဲ့ သူမရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားရန်တောင်းဆိုထားပါတယ်" ဟု ၎င်းတို့က ဆိုသည်။ 

" ကျွန်​တော်တို့ သတင်းထောက်တွေအတွက် ဘေးကင်းရေးက လုပ်ငန်းခွင်မှာ အရေးကြီးဆုံးပဲ"၊ "ချန်း ရဲ့ မိသားစုနဲ့  ဆက်သွယ်ပြီး သူတို့လိုအပ်တဲ့ အထောက်အပံ့တွေ အားလုံးကို ပံ့ပိုးပေးသွားမယ်" ဟု သတင်းစာတွင် ​ဖော်ပြထားသည်။ 

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်းဘင် က သူ့အနေနဲ့ သက်ဆိုင်ရာ အခြေအနေကို မသိရ​သေး​ကြောင်း  ပုံမှန် သတင်းစာရှင်းလင်းပွဲ တွင် ​ချန်း နှင့်ပတ်သက်၍ ​မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

သို့​သော် ဟောင်ကောင် လုံခြုံရေး ဗျူရိုက  မှတ်ချက် ​ပေးခဲ့ခြင်း မရှိ​ပေ။ 

SCMP ကို ​​တရုတ်နည်းပညာကုမ္ပဏီကြီး Alibaba Group (9988.HK) က ပိုင်ဆိုင်သည်။ ချမ်း ၏ လက်ရှိတည်နေရပ်ကို ရိုက်တာက မဆုံးဖြတ်နိုင်ပေ။ ဖုန်းခေါ်ဆိုမှုများ၊ WeChat နှင့် WhatsApp မက်ဆေ့ဂျ်များကို သူမ၏ မိုဘိုင်းဖုန်းသို့ ​ပေးပို့​သော်လည်း ပြန်လည်​ဖြေကြားခြင်းမရှိ​ပေ။ ချန်း  ၏ ဆွေမျိုးများအား မှတ်ချက်ပေးရန် ရိုက်တာ မှ ဆက်သွယ်၍ မရခဲ့ပါ။ 

ဖိုရမ်အတွက် ချန်းနှင့်အတူ တရုတ်သို့ ခရီးထွက်ခဲ့သော သတင်းထောက်တစ်ဦးသည် ပွဲအပြီးတွင် ဟောင်ကောင်သို့ ပြန်လည်ရောက်ရှိလာပြီး ဆောင်းပါးများ ထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုမှ ပြောကြားသည်။ ချန်း ၏ အမည်သည် နိုဝင်ဘာလ ရက်အချို့အတွက် အလုပ်စာရင်းတွင် ပါဝင်​ကြောင်း SCMP မှ ဝန်ထမ်းနှစ်ဦး က ဆိုသည်။ ရှန်ကျန်း ဖိုရမ် သည် တရုတ်၏ အကြီးကျယ်ဆုံး နှစ်ပတ်လည် စစ်ရေး သံတမန်ရေးရာ ပြပွဲဖြစ်သည်။ အစားထိုး ခန့်ထားနိုင်ခြင်း မရှိသေးသော တရုတ် ကာကွယ်ရေးဝန်ကြီးဟောင်း လီရှန်ဖု ကို ထုတ်ပယ်ပြီး မကြာမီတွင် အဆိုပါ ဖိုရမ် ကို  ကျင်းပခဲ့ခြင်းဖြစ်သည်။

#Mizzima
#အမျိုးသမီးသတင်းထောက်
#ပျောက်ဆုံး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly