ကော့ကရိတ်မြို့ တိုက်ပွဲတွင် အရပ်သား ၂၀ ကျော် သေဆုံးပြီး ၄၀,၀၀၀ ကျော် နေရပ်စွန့်ခွာ

By သွင်ထူးဈာန် (မဇ္ဈိမ)
04 December 2023
ကော့ကရိတ်မြို့ တိုက်ပွဲတွင် အရပ်သား ၂၀ ကျော် သေဆုံးပြီး ၄၀,၀၀၀ ကျော် နေရပ်စွန့်ခွာ
ပုံအညွှန်း-တိုက်ပွဲဖြစ်နေသည့် ကော့ကရိတ်မြို့ (Photos-CJ)

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်တွင် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်နေရာ နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။

ဒီဇင်ဘာလ ၃ ရက်နေ့အထိ တိုက်ပွဲအတွင်း သေဆုံးသူ အရပ်သား ၂၀ ကျော်ရှိပြီး လူပေါင်း ၄,၀၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသတွင်း ပရဟိတအဖွဲ့ဝင်များက ခန့်မှန်းထားကြသည်။

“ပြည်သူတွေ သေတာ၂၀ကျော်ပြီ အဲ့ထက်ပိုများနိုင်တယ်၊ ကျနော်တို့ စာရင်းကောက်တာ ကောက်လို့မရတော့ဘူး”ဟု ကော့ကရိတ်မြို့နယ်မှ ပရဟိတအသင်းသားတဦးက ပြောသည်။

တိုက်ပွဲပြင်းထန်ပြီး ပရဟိတသမားများ အပါအဝင် ဒေသခံအများအပြား ကသောင်းကနင်း ထွက်ပြေးနေကြရခြင်းကြောင့် သေဆုံးသူအရေအတွက်ကို တိတိကျကျ စာရင်းပြုစုရန် ခက်ခဲနေကြသည့် အခြေအနေ ဖြစ်သည်။

 ကော့ကရိတ်မြို့ရှိ ရပ်ကွက် (၁)၊ ရပ်ကွက် (၅)၊ ရပ်ကွက် (၇)၊ ရပ်ကွက် (၂) နှင့် ရပ်ကွက် (၃) မှာ တိုက်ပွဲ ပိုမိုပြင်းထန်နေခြင်းဖြစ်ပြီး မြို့တွင်းပိတ်မိနေသူ အရပ်သားများကို KNU က ထွက်ခွာခွင့် ပြုထားကြောင်း စစ်ရှောင်နေရသော မြို့ခံအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

“အမတို့အိမ်ရှေ့မှာ လေယာဥ်နဲ့ပစ်လို့ မိသားစုလိုက် သုံးယောက်သေတယ်၊ ကလေးတယောက်၊ နောက်တယောက် စုစုပေါင်း ငါးယောက်သေတယ်၊ အစားအသောက်အခက်အခဲရှိတယ်၊ တချို့ဆို ဖုန်းဆက်ဖို့ ဖုန်းဘေတောင် မရှိကြဘူး"ဟု ကောကရိတ်မြို့ခံ အမျိုးသမီးက ပြောသည်။

"knuက မြို့ထဲဝင်ခွင့်မပေးတော့ဘူး၊ ထွက်လို့တော့ရတယ်၊ အခု အမတို့က သာမညတောင်မှာ စစ်ရှောင်နေရတယ်” ဟု ကောကရိတ်မြို့ခံ အမျိုးသမီးက ပြောသည်။

စစ်ဘေးဒုက္ခသည်များသည် မော်လမြိုင်၊ ဘားအံ၊ ရန်ကုန်၊ မြဝတီ၊ သာမညနှင့် ကျုံးဒုံတို့ကို ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ပြီး အိမ်စောင့်အနေဖြင့် ကျန်ခဲ့သည့် လူအနည်းငယ်သာ မြို့တွင်းကျန်ရှိတော့ကြောင်း သိရသည်။

“မြို့ထဲမှာ အိမ်တွေမီးလောင်တယ်၊ မီးသတ်မယ့်သူမရှိတော့ဘူး၊ အားလုံးပြေးကုန်ပြီ၊ ပိတ်မိနေတဲ့သူတွေကို ကေအမ်ယူဘက်က ထွက်ပေါက်ပေးထားတယ်၊ ထွက်ကြဖို့ တိုက်ပွဲရပ်ပေးထားတယ်၊ ထွက်နေကြပြီ၊ ၁၀၀ ရာခိုင်နှုန်းမှာ ငါးရာခိုင်နှုန်းလောက်ပဲ မြို့ထဲမှာ ရှိနေကြတယ်၊ သူတို့က မကြောက်လို့မဟုတ်ဘူး၊ သွားစရာ၊ တည်းခိုစရာ၊ တည်းမယ့်အိမ်၊ စားဖို့သောက်ဖို့ အဲ့လိုခက်ခဲလို့ သေရင်လည်းသေပေလိမ့်စေဆိုပြီး နေတဲ့အိမ်ပဲရှိတော့တယ်”ဟု ကော့ကရိတ်မြို့ခံ ပရဟိတသမားက ဆက်ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင်လည်း တိုက်ပွဲများ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲစတင်သည့် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ပြင်က ကော့နွှဲ့စစ်ကောင်စီတပ် စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တွင်းက တပ်စခန်းကိုများ ဦးတည်ပြီး ဆက်လက်တိုက်ခိုက်နေကြောင်း KNU ဗဟိုက ထုတ်ပြန်ခဲ့သည်။

စာတည်း။   ။ နောင်နောင်

#ကော့ကရိတ်
#တိုက်ပွဲပြင်းထန်
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly