ပလက်ဝတွင် စစ်ကောင်စီတပ် ဓာတုဓာတ်ငွေ့ပါသောဗုံးများဖြင့်တိုက်ခိုက်ဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

By ဓါတု (မဇ္ဈိမ)
04 December 2023
ပလက်ဝတွင် စစ်ကောင်စီတပ် ဓာတုဓာတ်ငွေ့ပါသောဗုံးများဖြင့်တိုက်ခိုက်ဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ဝေဟင်မှ ဓာတုဓာတ်ငွေ့ပါသောဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက ဗျူဟာကုန်းကြီးနှစ်ခုဖြင့် အထိုင်ချထားသည့် ယင်းဒေသတွင် ယမန်နေ့ ညနေ ၆ နာရီ ၃၈ မိနစ်ခန့်က စစ်ကောင်စီဘက်မှ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများကို အသုံးပြု၍ တိုက်လေယာဉ်တစီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး ဂျက်တိုက်လေယာဉ် Mi35 ၊ Y 8 ၊ Y 12 တို့ဖြင့်လည်း အကြိမ်ပေါင်း ၃၀ ကျော် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဓာတုဓာတ်ငွေ့ပါသောဗုံးဖြင့် တိုက်ခိုက်မှုမျိုးသည် ရှမ်းမြောက်ဒေသ၌ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာသော ကာလမျိုးတွင် သုံးစွဲခဲ့ဖူးကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒီဇင်ဘာလ ၂ ရက် ညနေပိုင်းကလည်း ပလက်ဝမြို့နယ်၊တရွန်အိုင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရွန်အိုင်ရွာဟောင်း မီးလောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ချင်း-ရခိုင်နယ်စပ် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာ”နှင့် “နှုံးဘူးဗျူဟာ” ကုန်းကြီးနှစ်ခုအား ရက္ခိုင့်တပ်တော် (AA)က နိုဝင်ဘာလ ၁၄ ရက်မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၏ ခုခံတန်ပြန်တိုက်ခိုက်မှု‌ကြောင့် ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့အထိ စစ်ရေးအရှိန် ပြင်းထန်နေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှ ခုခံစစ်အားအပြင်းအထန်တန်ပြန်တိုက်ခိုက်နေသော်လည်း ရက္ခိုင့်တပ်တော်(AA) အနေဖြင့် အဆိုပါ ဗျူဟာကုန်း နှစ်ခုလုံးအား အပြီးသတ် သိမ်းပိုက်နိုင်ရန် ထိုးစစ်ကို ဆက်လက် အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် (AA)နှင့် တိုက်ပွဲပြင်းထန်နေသည့်  ပလက်ဝဒေသအပြင် ရခိုင်ပြည်နယ်၊ပေါက်တောမြို့ကိုလည်း ကြည်း၊ ရေ၊ လေ တပ််များဖြင့် တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

စာတည်း ။       ။ ဖူးသိမ်ကျ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly