မြန်မာနိုင်ငံ၊ လောက်ကိုင်မြို့၌ ပိတ်မိသောင်တင်ခဲ့သည့် ထိုင်းနိုင်ငံသား ၈၃ ဦး ပါ နောက်ထပ်အဖွဲ့တဖွဲ့ကို ဒီဇင်ဘာ ၄ ရက်မနက်တွင် တရုတ်နိုင်ငံမှ ကော်မာရှယ်လေကြောင်းခရီးစဉ်တခုဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း ရန်ကုန်ရှိ ထိုင်းသံရုံးမှ အစီရင်ခံစာတရပ်ကို ကိုးကားပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
အဆိုပါ ထိုင်း ၈၃ ဦးကို လောက်ကိုင်မှ တရုတ်သို့ ကုန်းလမ်းဖြင့် ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့သည်။ ၎င်းတို့ကို စင်းလုံးငှား Lion Air လေယာဉ်ခရီးစဉ်တခုဖြင့် နေရပ်သို့ ပြန်လည်ခေါ်ဆောင်ရန် စီစဉ်ထားပြီး လေယာဉ်သည် ဒီဇင်ဘာ ၄ ရက်တွင် ဒွန်မောင်းလေဆိပ်သို့ ဆိုက်ရောက်မည်ဟု မျှော်လင့်ရသည်။
လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်ကို ဖြတ်သန်းပြီးနောက် ၎င်းတို့ထဲတွင် လူကုန်ကူးမှုသားကောင်ဖြစ်ခဲ့သူများနှင့် နိုင်ငံဖြတ်ကျော် အမှုအခင်းတွင် ပါဝင်ထားသူများကို ခွဲခြားဖော်ထုတ်ရန် နေရှင်နယ် လွှဲပြောင်းပေးမှု ယန္တရား လုပ်ငန်းစဉ်တခုအောက်၌ စစ်ဆေးရန် အခြားတနေရာသို့ ပို့ဆောင်မည် ဖြစ်သည်။
ပြည်ပတွင် ဒုက္ခရောက်နေသည့် ထိုင်းနိုင်ငံသားများကို ကူညီရန် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးခဲ့သည့် သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ ရန်ကုန်ရှိ ထိုင်းသံရုံးကလည်း လောက်ကိုင်တွင် ပိတ်မိနေနိုင်ဆဲ ထိုင်းနိုင်ငံသားများကို ကူညီရန် စုံစမ်းစစ်ဆေးမှု ဆက်လုပ်မည်ဟု သိရသည်။