မြောင်ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်၊ရဲ ၁ဦးသေ၊၁ဦးဒဏ်ရာရ

By 008(မဇ္ဈိမ)
03 December 2023
မြောင်ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်၊ရဲ ၁ဦးသေ၊၁ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယ​နေ့ ဒီဇင်ဘာ ၃ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁ရက်၊မွန်းလွဲပိုင်းက ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခဲ့ခြင်းဖြစ်ပြီး မြေပြင်ကင်းထောက် များ၏ သတင်းပေးချက်အရ  ထိခိုက်သေဆုံးစာရင်းကို သိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"သေတဲ့ကောင်နဲ့ထိထားတဲ့ကောင်ကို မြောင်ဆေးရုံထဲမှာ ဆေးရုံမှာလည်း အစောင့်တွေချထားတွေ့တယ်။ကျွန်တော်တို့ရဲ့ မြေပြင်ကင်းထောက်တွေကလည်း စောင့်ကြည့် သတင်းပို့နေပါတယ်"ဟုတိုက်ခိုက်ခဲ့ရာတွင်ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

တိုက်ပွဲဖော်ဆောင်နေမှု ဖြစ်စဥ်ကို အချိန်နှင့်တပြေးညီ မထုတ်ပြန်နိုင်ခြင်းကို ပြည်သူလူထုအနေဖြင့် နားလည်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မေတ္တာရပ်ခံထားသည်။

"ကျွန်တော်တို့အနေနဲ့ တိုက်ပွဲလုပ်တာတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို တင်ပြချင်တာပေါ့။ဒါပေမဲ့ ကျွန်တော်တို့ အဖွဲ့တွေရဲ့လုံခြုံရေး၊နယ်မြေအနေအထားကိုလည်း တွက်ပြီးမှ ထုတ်ပြန်ရတဲ့အတွက် ဒါကိုတော့ နားလည်ပေးဖို့ ပြည်သူလူထုကိုမေတ္တာရပ်ခံချင်ပါတယ်"ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

မြို့နယ်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ယင်းစခန်းတွင် စစ်ကောင်စီတပ်သားများ လာရောက်ပူးပေါင်းနေပြီး မြို့အတွင်း၌လည်း ကင်းပုန်းများချထားကြောင်းသိရသည်။

မြောင်မြို့နယ်ရဲစခန်းတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း(MSPDF ၊ MSDF )၊မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း တပ်ခွဲ(၁)၊မြေလတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်း တပ်ခွဲ(၃)၊  မိတ္ထီလာခရိုင်အမှတ်(၃)တပ်ရင်း၊မြောင်မြို့နယ် ပြည်သူ့ရင်ခွင်အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly