မြန်မာဒုက္ခသည်များအား ပြန်ပို့ခြင်းအတွက် ထိုင်းကို HRW ပြစ်တင် 

By UCA News
02 December 2023
မြန်မာဒုက္ခသည်များအား ပြန်ပို့ခြင်းအတွက် ထိုင်းကို HRW ပြစ်တင် 

အကြမ်းဖက်မှုနှင့် အသက်ဘေး ရင်ဆိုင်နေရသည့် စစ်ပွဲဒဏ်သင့် မြန်မာနိုင်ငံဆီ မြန်မာဒုက္ခသည် ထောင်နှင့်ချီပြီးကို အတင်းအကျပ် ပြန်ပို့ခြင်းအတွက် ထိုင်းနိုင်ငံအား ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးအဖွဲ့အစည်းဖြစ်သည့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW )က ပြစ်တင်ဝေဖန်သည်။ 

ထိုင်းအာဏာပိုင်များက ဒုက္ခသည်များကို အကာအကွယ်ပေးရေးအား ငြင်းဆန်ပြီး အသက်ဘေး ခြိမ်းခြောက်မှုရှိရာ ပတ်ဝန်းကျင်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု နယူးယောက်အခြေစိုက် HRW က နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည်။ 

“ထိုင်းအာဏာပိုင်တွေအနေနဲ့ မကြာသေးခင်က မြန်မာဒုက္ခသည်တွေကို ပြန်ပို့တာ ရပ်သင့်ပြီး ထိုင်းနိုင်ငံမှာ အကာအကွယ် ရှာဖွေတာကို ခွင့်ပြုပေးသင့်တယ်”ဟု HRW ၏ အာရှရေးရာ ညွှန်ကြားရေးမှူး အယ်လ်လိန်း ပီရာဆန်က ပြောသည်။ “ပြန်ပို့ခံရတဲ့ ဒုက္ခသည်အများစုဟာ ရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံဆီ ပြန်လာကြတာက မြန်မာနိုင်ငံမှာ သူတို့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရတယ်ဆိုတာကို ပြသနေတာပဲ”ဟု ၎င်းက ဆိုသည်။ 

အောက်တိုဘာမှ စတင်ကာ ထိုင်းစစ်တပ်သည် ကရင်နီပြည်နယ်နှင့် နယ်စပ်၌ ခိုလှုံနေကြသော ဒုက္ခသည်များကို အတင်းအကျပ် နေရပ်ပြန်ပို့ခြင်း ဖြစ်သည်။ ပြည်နယ်၏ ခန့်မှန်းလူဦးရေ ၃၅၀,၀၀၀ တွင် ၄၅ ရာခိုင်နှုန်းခန့်မှာ ခရစ်ယာန်များ ဖြစ်ကြသည်။ 

အများအပြား ပြန်ပို့ခြင်း၊ အတင်းအကျပ် ပြန်ခိုင်းခြင်းများသည် ထိုင်းနိုင်ငံအနေဖြင့် နှိပ်စက်ညှဥ်းပန်းမှု ဆန့်ကျင်ရေး ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်အဖြစ် ကတိကဝတ်များကို ချိုးဖောက်ရာ မြောက်နိုင်ကြောင်း HRW က ပြောသည်။ 

ထိုင်းနိုင်ငံသည် ၁၉၈၀ ခုနှစ်လယ်ကာလများမှစကာ ဒုက္ခသည်စခန်း ကိုးခု၌ မြန်မာနိုင်ငံမှ ဒုက္ခသည် ၉၀,၀၀၀ နီးပါးကို ခိုလှုံခွင့် ပေးထားသည်ဟု HRW က မှတ်ချက်ပြုသည်။ 

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုနောက် မြန်မာမှ ထိုင်းဆီ ထွက်ပြေးလာသော ထပ်တိုးဒုက္ခသည်ပေါင်း ၄၅,၀၀၀ ဝန်းကျင်ရှိသည်။ 

ထိုင်းအစိုးရသည် နယ်စပ်အနီး ယာယီခိုလှုံရေးစခန်းများ၌ အသစ်ရောက်ရှိလာသော ဒုက္ခသည်များကို နေထိုင်ခွင့် ပြုထားသည်ဟု ဆိုသော်လည်း ရံဖန်ရံခါဆိုသကဲ့သို့ ပြန်ပို့ခြင်းများ ရှိနေသည်ဟု HRW စွပ်စွဲပြောဆိုသည်။ 

“အသစ်ရောက်လာသူတွေကို တည်ရှိတဲ့ ဒုက္ခသည်စခန်းတွေဆီ ဝင်ခွင့်မပေးဘူး၊ သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေကိုလည်း ထိုင်းတာဝန်ရှိသူတွေက တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတယ်”ဟု HRW က ထပ်လောင်းဆိုသည်။ 

ဇူလိုင်လအတွင်းက ကရင်နီပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ခရိုင်၌ ဘေးကင်းရေး ခိုလှုံခွင့် ကြိုုးစားသည့် ဒုက္ခသည် ၉,၀၀၀ နီးပါး ရှိခဲ့သည်။ 

ထိုင်းအာဏာပိုင်များက ၎င်းတို့ကို ယာယီခိုလှုံရေးစခန်းများ၌ နေထိုင်ခွင့်ကို ကနဦး၌ ခွင့်ပြုပေးခဲ့သည်။ 

အောက်တိုဘာ ၂၁ ရက်တွင် ထိုင်းအာဏာပိုင်များသည် ယင်းဒုက္ခသည်များအား နှစ်ပတ်အတွင်း ထွက်ခွာရန် နှုတ်မိန့်ထုတ်ပြီး ကရင်နီပြည်နယ်သို့ ပြန်စေခဲ့သည်။ 

ထိုသို့ ပြန်စေသည့်အချိန်မှာ တော်လှန်ရေးတပ်များနှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေချိန်လည်း ဖြစ်ရာ ယင်းကြောင့် မြန်မာနိုင်ငံသား ၂,၃၀၀ ကျော်သည် မယ်ဟောင်ဆန်ခရိုင်သို့ နိုဝင်ဘာ ၂၇ ရက်၌ ပြန်လည်ထွက်ပြေးလာကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly