ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
02 December 2023
ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ အနောက် ဘက် ခြောက်မိုင်ခန့် အကွာရှိ မင်းတိုင်ပင် ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဒီဇင်ဘာလ ၁ ရက် မွန်းတည့် အချိန်တွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ) က Mi-35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။

“ရဟတ်ယာဉ်နဲ့ ရွာကို ခြောက်ပတ် ပတ်ပြီး မိနစ် ၃၀ ခန့်ကြာ လေကြောင်းသုံး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရွာအနောက်ပိုင်းနဲ့ စစ်ရှောင်အများစု ရှိတဲ့နေရာတွေကို ပစ်ခတ်သွားတာ ဖြစ်ပါတယ်”  ဟု ဒေသကာကွယ်ရေး ရဲဘော်တဦးက ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတိုင်ပင်ကျေးရွာရှိ နေအိမ်နှစ်လုံး ပျက်စီးခဲ့ပြီး  ဒေသခံစစ်ရှောင်များ နေရာပြောင်းရွှေ့ စစ်ရှောင်နေရကြောင်း သိရသည်။

“စစ်ရှောင်တွေ ရှိတဲ့နေရာကို ပစ်တာ နှစ်ကြိမ်ရှိပြီ။ ကန့်ဒေါင့်ဘက်မှာ တိုက်ပွဲ ဖြစ်ပွါးနေတာကို ဘာမှမဆိုင်တဲ့ မင်းတိုင်ပင်လိုနေရာမျိုးကို လာရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တဦးက ဆိုသည်။

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေပြီး ၊ နေရပ်စွန့်ခွါ စစ်ရှောင်များလည်း စစ်ရှောင်ရက် ကြာမြှင့်နေသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#မင်းတိုင်ပင်ကျေးရွာ
#လေကြောင်းတိုက်ခိုက်မှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly