ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဌာနမှူး နေအိမ်ကို CGF ဗုံးပစ်တိုက်ခိုက်

By 008 (မဇ္ဈိမ)
01 December 2023
ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဌာနမှူး နေအိမ်ကို CGF ဗုံးပစ်တိုက်ခိုက်

မကွေးတိုင်း၊ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဌာနမှူး ဒေါ်နိုင်နိုင်မော်၏ နေအိမ်ကို ယနေ့ဒီဇင်ဘာလ ၁ရက် မွန်းလွဲ ၁နာရီခန့်က ဗုံးပစ်တိုက်ခိုက် သတိပေးခဲ့ကြောင်း Chauk Guerrilla Force(CGF)အဖွဲ့  တာဝန်ရှိသူက ပြောသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ရေပေးဝေရေး ဌာန၊ဌာနမှူး ဒေါ်နိုင်နိုင်မော်နေထိုင်သော ချောက်မြို့၊တိုးချဲ့ (၁၅)ရပ်ကွက်ရှိ နေအိမ်ကို သတိပေးသည့် အနေဖြင့် ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"နောက်ဆုံးအကြိမ် သတိပေးတဲ့ အနေနဲ့ ဗုံးပစ်တိုက်ခိုက်ခဲ့တယ်။ရှေ့မှာလည်း သတိပေးတာတွေလုပ်ပြီးပါပြီ။ဒါနောက်ဆုံး သတိပေးတာပါ"ဟု CGFအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဒေါ်နိုင်နိုင်မော်ဆိုသူသည် စစ်ကောင်စီအတွက် ပြည်သူများထံမှ အခွန်များ အဓမ္မကောက်ခံပေးနေခြင်းကြောင့် ယခုကဲ့သို့ သတိပေးတိုက်ခိုက်ရခြင်းဖြစ်ပြီး ပျက်စီးထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း CGF အဖွဲ့က ဆိုသည်။

ယင်းတိုက်ခိုက်မှုကို ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Chauk Guerrilla Force(CGF)၊မကွေးခရိုင်၊အမှတ်(၂)တပ်ရင်းနှင့် Burma Revolution Rangersအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၉ရက်နေ့က ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးသန့်ဇင်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။

ချောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ ပြည်သူ့ထံ ခိုလုံကြရန် ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးနှိုးဆော်ထားကြောင်းလည်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

ရုပ်သံဖိုင် -နိုဝင်ဘာလ ၂၉ရက်နေ့က ချောက်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးသန့်ဇင်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly