မြောက်ဥက္ကလာ အ.ထ.က (၃)၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် 

By ဂန္ဒမာ (မဇ္ဈိမ)
01 December 2023
မြောက်ဥက္ကလာ အ.ထ.က (၃)၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် 
ပုံအညွှန်း - မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော အ.ထ.က ၃ ကျောင်း (ပုံဟောင်း)

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အ.ထ.က (၃) စာသင်ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့(၂)က မိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါတိုက်ခိုက်မှုအား ယမန်နေ့ နိုဝင်ဘာ ၃၀ ရက် ည ၇ နာရီက  ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင် ပကဖ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“အားပြင်းတဲ့မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ လမ်းကြောင်းမရှင်းလို့ မြေပြင်မဆင်းတော့ ထိခိုက်မှုနောက်ဆုံးအခြေအနေ မသိရသေးပါ။ သူတို့က ညပိုင်းဆို ကျောင်းကို အင်အားနဲ့ဝင်လာတယ်၊ မနက်ဆိုရင်တော့ ကင်းလောက်ပဲထားပြီး ပြန်ထွက်တယ်။ တပ်စွဲတာ နှစ်ပတ်လောက်ရှိပြီ။” ဟူ၍ မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့(၂) ၏ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။ 

ယမန်နေ့က ပေါက်ကွဲမှုနှင့် ပတ်သက်၍လည်း “မနေ့ကပေါက်တဲ့အသံ နှစ်ချက်လောက်ကြားတယ်။ ပြင်းအားက အနီးနားက အိမ်ကိုတောင် သစ်သားစတွေစင်တယ်။” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။ 

မြောက်ဥက္ကလာပမြို့နယ်ထဲတွင် ယခုကဲ့သို့ စစ်ကောင်စီတပ်များ တပ်စွဲထားသော ကျောင်းများရှိသေးပြီး အ.ထ.က (၁) ကျောင်းတွင် စစ်တပ်မှ အထိုင်ချထားကာ ဆေးတက္ကသိုလ် (၂) တွင်တော့ ဗျူဟာမှူးကိုယ်တိုင် ရှိနေကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့(၂) ၏ ပြောပြချက်အရ သိရသည်။ 

အလားတူ ရန်ကုန်ရှိ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာ ၊ လှိုင်သာယာ၊ လှိုင် နှင့် အခြားသောမြို့နယ်များတွင် နိုဝင်ဘာလအတွင်းမှ စတင်ကာ စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်ခြင်းနှင့် တပ်စွဲထားခြင်းတို့ရှိကြောင်း ဒေသခံများထံကတဆင့် သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly