ကောလင်းမြို့ ပုဂ္ဂလိကဘဏ်များမှ ကျပ်သန်းပေါင်း ၄၄,၀၀၀ကျော်ကို သိမ်းဆည်းထားသည်ဟု ကြားကာလဗဟိုဘဏ်ထုတ်ပြန်

By မဇ္ဈိမ
01 December 2023
ကောလင်းမြို့ ပုဂ္ဂလိကဘဏ်များမှ ကျပ်သန်းပေါင်း ၄၄,၀၀၀ကျော်ကို သိမ်းဆည်းထားသည်ဟု ကြားကာလဗဟိုဘဏ်ထုတ်ပြန်

NUG အစိုးရ ထိန်းချုပ်ထားသည့် ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များမှ ကျပ်သန်းပေါင်း ၄၄,၀၀၀ ‌ကျော်ကို သိမ်းဆည်းထားသည်ဟု ကြားကာလဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

‌ကောလင်းခရိုင်‌ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များကို လုပ်ထုံးလုပ်နည်းနှင့် အညီ စိစစ် ထိန်းသိမ်းခဲ့ရာ ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း  ၄၄,၅၁၈.၂၉၇ ကို လက်ခံသိမ်းဆည်း ရရှိကြောင်း၊ အချို့သော ပုဂ္ဂလိကဘဏ်များတွင် လုံခြုံရေးစည်းကျိုး ‌ပေါက်၍ ဘဏ်ငွေတိုက်ခန်း (Vault) ကို ဖောက်ထွင်း ဝင်ရောက်ရန် ကြံစည်အားထုတ်ထားသည့် အထောက်အထားများ တွေ့ရှိရပြီး အချိန်မီ ကာကွယ်တားဆီးနိုင်ခဲ့သောကြောင့် ပြည်သူလူထု အပ်နှံငွေများ ဆုံးရှုံးခဲ့ခြင်း မရှိကြောင်း ကြားကာလဗဟိုဘဏ်က ဆိုသည်။

ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် တာဝန်ခံလျက် ဥပဒေနှင့်အညီ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအဖြစ် သတ်မှတ်၍ စနစ်တကျ စီမံခန့်ခွဲသွားမည် ဖြစ်‌ကြောင်း ကြားကာလဗဟိုဘဏ်က ထုတ်ပြန်သည်။

ကောလင်းမြို့တွင် KBZ၊ ဧရာ၀တီနှင့် UAB ဘဏ်တို့က ဘဏ်ခွဲများ ဖွင့်လှစ်ထားသည်။ထို့ပြင် ကောလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂.၃၄၃ အား လက်ခံသိမ်းဆည်းရရှိထား သည်။

ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်တွင် အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာ ၈ ရက်တွင် ကောလင်းခရိုင်အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ကို  ဖွဲ့စည်းကာ အုပ်ချုပ်လျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly