ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ စခန်းများကို ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်

By လွှမ်းမိုး(မဇ္ဈိမ)
01 December 2023
ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ စခန်းများကို ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချတပ်စွဲနေသည့် ထွေအုပ်ရုံးနှင့် သစ်တောရုံးတို့ကို ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၂၉ ရက် ည ၈ နာရီ အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနယား တပ်ဖွဲ့ထံက သိရသည်။

“ထွေအုပ်ရုံး နဲ့ သစ်တောရုံး နေရာတွေကို လက်လုပ် ၈၀ မမ ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း  ၊ လက်နက်ကြီး ၊လက်နက်ငယ်တွေ နဲ့ ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့တယ်” ဟု ချင်းတွင်းတိုးနယား သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်စွဲရာ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး ၊ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို မသိရှိရသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းတိုးနယား နှင့် ဒေသခံ မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေး ရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့ပေါ်ရှိ  ဆေးရုံ ၊ ထွေအုပ်ရုံး၊ သစ်တောရုံး ၊ စာသင်ကျောင်း နှင့် ရဲစခန်းတို့တွင် စစ်ကောင်စီတပ်က အင်အား ၁၅၀ ခန့်ဖြင့် တပ်ဖြန့်နေရာ ယူထားကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။

ယင်းအခြေအနေများကြောင့် ယင်းမာပင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများနှင့် နီးစပ်သည့် ဒေသခံအချို့ ကြိုတင်စစ်ရှောင်နေရကြောင်း ချင်းတွင်းတိုးနယား တပ်ဖွဲ့ထံက သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly