အပြန်အလှန်ထိုးကြိတ်ကြတဲ့ ရန်ပွဲကြောင့် ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်

By By PKThawn
01 December 2023
အပြန်အလှန်ထိုးကြိတ်ကြတဲ့ ရန်ပွဲကြောင့် ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်

AFC ချန်ပီယံလိဂ်ပွဲစဉ်တပွဲမှာ နှစ်သင်းစလုံးပါဝင်ပတ်သက်နေတဲ့ အစုလိုက် ခိုက်ရန်ဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးနေကြောင်း အာရှဘောလုံးအဖွဲ့ချုပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က တရုတ်ကလပ် ကျဲ့ကျန်းအသင်းနဲ့ အဝေးသင်း ထိုင်းကလပ် ဘူရီယမ်ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံမှုမှာ နှစ်ဖက်အသင်းကစားသမားတွေ အပြန်အလှန်ထိုးကြိတ်ကြပြီး ရန်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီအဖြစ်အပျက်မှာ ကွင်းပြင်ပ ခုံတန်းလျားက ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကပါ ပါဝင်ပတ်သက်ခဲ့တာပါ။

ဒါကို ဘယ်အရာက ဖြစ်ပေါ်စေခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် ကျဲ့ကျန်းအသင်းက ၃-၂ ဂိုး အနိုင်နဲ့ ဦးဆောင်နေတဲ့ ပွဲချိန်အတွင်း တင်မားမှုတွေရှိခဲ့ပါတယ်။ ပွဲသိမ်းဝီစီမှုတ်အပြီး ချက်ချင်းဆိုသလို ဖရိုဖရဲ ဖြစ်သွားတဲ့ မြင်ကွင်း ထွက်ပေါ်လာခဲ့ပါတယ်။

"AFC ဟာ တရားမျှတတဲ့ ကစားပုံ၊ အပြန်အလှန် လေးစားမှုနဲ့ အားကစားစိတ်ဓာတ်တို့ရဲ့ အရေးကြီးမှုကို အလေးပေးထားပြီး ကစားသမားတွေနဲ့ တာဝန်ရှိသူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာကို ခြိမ်းခြောက်တဲ့ အကြမ်းဖက်မှု မှန်သမျှကို လုံးဝသည်းခံခြင်း မရှိတဲ့ ချဉ်းကပ်မှုမျိုးကို ကျင့်သုံးပါတယ်" လို့ အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

"AFC က ဒီအဖြစ်အပျက်(တွေ)ကို စုံစမ်းစစ်ဆေးနေပေမယ့် AFC စည်းကမ်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကော်မတီနဲ့ ၎င်းရဲ့ အတွင်းရေးမှူးတို့ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စရပ်တွေဖြစ်တဲ့ စည်းကမ်းပိုင်းဆိုင်ရာ ရေးရာတွေကို ဆက်လက်လုပ်ဆောင်နေတဲ့အပေါ် မှတ်ချက်ခြင်း မရှိပါဘူး။"

AFC အထွေထွေအတွင်းရေးမှူး ဝင်ဆာဂျွန်က ၎င်းတို့ဟာ ဒိုင်လူကြီးနဲ့ ပွဲကော်မရှင်နာတွေဆီက အစီရင်ခံစာတွေကို စောင့်ဆိုင်းနေကြောင်း AFP ကို ပြောခဲ့ပါတယ်။

နှစ်သင်းကြား အပြန်အလှန် လက်သီးနဲ့ ထိုးကြိတ်၊ ကန်ကျောက်မှုတွေ လုပ်ခဲ့ကြပြီး အနည်းဆုံး ကစားသမား နှစ်ဦး ကွင်းတွင်း လဲကျခဲ့ပါတယ်။ တယောက်က ပြိုင်ဘက်ရဲ့ ခေါင်းကို လက်နှစ်ဖက်ဖြင့် ဖမ်းချုပ်ခဲ့ပါတယ်။

လုံခြုံရေးအဖွဲ့ဝင်တွေဟာ ပြန်လည်ထိန်းသိမ်းဖို့အတွက် Huzhou အိုလံပစ်အားကစားစင်တာ ကွင်းထဲကို ပြေးလာခဲ့ကြပါတယ်။

အုပ်စုနှစ်စုကြား ပြင်းထန်တဲ့ ရန်ပွဲဟာ ကြာသပတေးနေ့အထိ ပျံ့နှံ့လာပြီး ထိုင်းကလပ်အသင်းရဲ့ တရားဝင် အင်စတာဂရမ်အကောင့်မှာ သူတို့ရဲ့ ကစားသမားတဦး ကြောက်ရွံ့ပြီး လဲကျနေတဲ့ ပုံတွေကို တင်ခဲ့ပါတယ်။

"ဒါက AFC ချန်ပီယံလိဂ်တဲ့လား။ ဘောလုံးကစားဖို့လာတာလား စစ်မြေပြင်ကို ထွက်လာတာလား"လို့ အညွှန်းစာသားနဲ့တွဲ တင်ခဲ့တာပါ။

ပွဲကြည့်စင်ကနေ တစုံတခုနဲ့ ပစ်ပေါက်နေတဲ့ အိမ်ရှင်ပရိသတ်ဖြစ်ပုံရသူတဦးရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required