လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ငါးဦးနဲ့ မိသားစုဝင်တွေကို (IEC) အရေးယူ

By မဇ္ဈိမ 
01 December 2023
လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ငါးဦးနဲ့ မိသားစုဝင်တွေကို (IEC) အရေးယူ

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အဓိကတာဝန်ရှိသူ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးဦးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ဥပဒေနဲ့ အညီ တရားစွဲဆိုအရေးယူသွားမှာဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ကြေညာလိုက်ပါတယ်။

သူတို့တွေကို ကရင်နီရဲတပ်ဖွဲ့က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားပြီးနောက် သက်ဆိုင်ရာ တရားစီရင်ရေးဌာနကို လွှဲပြောင်းကာ ဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။
ဒါ့အပြင် စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေတဲ့ တပ်မိသားစုဝင် သုံးဦးကိုလည်း စစ်ဖက်ဆိုင်ရာ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေး အရေးယူနိုင်ဖို့ စစ်ခုံရုံးကို လွှဲပြောင်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

IEC ဟာ လွိုင်ကော်တက္ကသိုလ်က ကယ်ထုတ်ခဲ့တဲ့ Non CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို Non CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ် လို့သိရပါတယ်။
ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေဟာ လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းနဲ့ မိသားစုဝင် စုစုပေါင်း ၂၀၄ ဦးကို ခေါ်ထုတ်ခဲ့ပါတယ်။

အဲ့ဒီထဲက စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်မှုမရှိတဲ့  Non-CDM တွေကို ပထမအကြိမ် အယောက် ၇၀နဲ့ သူတို့ရဲ့ မိသားစုဝင် ၃၇ယောက်၊  ဒုတိယအကြိမ် ၅၉ ယောက်နဲ့ သူတို့ရဲ့ မိသားစုဝင် ၂၇ ယောက် စုစုပေါင်း ၁၉၃ ယောက်ကို "အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တရား မှန်သမျှ ပါဝင်ပတ်သက်ခြင်းမပြုရန်၊ကျောင်း၊ရုံးနဲ့လည်း အဆက် အသွယ်မပြုလုပ်ရန်၊ပြည်သူ့ဆန္ဒနဲ့  အညီ ပြည်သူများနဲ့ ရပ်တည်သွားရန်"စတဲ့ ကတိကဝတ်တွေ ပါဝင်တဲ့ ခံဝန်ချက်နဲ့ လက်မှတ်ရေးထိုးစေကာ ကရင်နီပြင်ပသို့ နိုဝင်ဘာ ၂၈ ရက်ကစပြီး အပြီးသတ် နယ်နှင်ဒဏ်ပေးခဲ့ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အဓိက တာဝန်ရှိသူတွေဖြစ်တဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ဒု ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးဦးနဲ့ သူတို့မိသားစုဝင်တွေကို ကရင်နီပြည်နယ်ရဲဌာနက တရားလိုအဖြစ် အမှုဖွင့်ကာ သက်ဆိုင်ရာ တရားစီရင်ရေးဌာနသို့ လွှဲပြောင်းပြီး ဥပဒေနဲ့အညီ တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ KNPP နဲ့ PDF အဖွဲ့တွေက လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမတွေနဲ့ မိသားစုဝင်တွေကို ဖမ်းသွားတာလို့ စွပ်စွဲခဲ့ပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကယားပြည်နယ်(ကရင်နီပြည်)မှာ စစ်ရေးအရှိန်ပိုမြင့်လာမှာဖြစ်တာကြောင့် စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေ၊ ရဲဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေအားလုံး တော်လှန်ရေး အင်အားစုတွေနဲ့ အမြန်ဆုံးပူးပေါင်းဖို့ တိုက်တွန်းထားပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဟာ စစ်တပ်ကအာဏာသိမ်းပြီး နောက် ၂၀၂၁ခုနှစ်  ဧပြီလ ၉ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC) လက်အောက်မှာရှိပြီး KSCC ရဲ့ နိုင်ငံရေးလမ်းညွှန်မှုဖြင့်  ပြည်နယ်အစိုးရ တစ်ရပ်အနေအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly