ရှမ်းတပ်နှစ်ဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCSS တို့ အပစ်ရပ်စဲကြောင်း ကြေညာ

By မဇ္ဈိမ 
01 December 2023
ရှမ်းတပ်နှစ်ဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCSS တို့ အပစ်ရပ်စဲကြောင်း ကြေညာ

ရှမ်းပြည်တပ်များဖြစ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား တရားဝင်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ နှစ်ဖက်တပ်ဖွဲ့တွေကြား အပစ်ခတ်ရပ်စဲရန် သဘောတူညီလိုက်ကြောင်း သိရပါတယ်။

ဝမ်းဟိုင်းမှာ ဌာနချုပ် အခြေစိုက်တဲ့  SSPP နဲ့ ထိုင်း - မြန်မာနယ်စပ် လွယ်တိုင်းလျှန်မှာ အခြေစိုက်တဲ့ RCSS တို့ နှစ်ဖက်တပ်များအကြား လတ်တလောတိုက်ပွဲဖြစ်ပွားမှု မရှိပေမယ့်လည်း နိုဝင်ဘာ ၂၉ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းကို တရားဝင် သဘောတူညီခဲ့ခြင်းဖြစ်ကာ (SSPP/SSA)နဲ့  (RCSS/SSA) တို့ အပစ်အခတ်ရပ်စဲကြောင်း ပူးတွဲကြေညာလိုက်တာဖြစ်ပါတယ်။

ရှမ်းလူထုနဲ့ သံဃာတွေရဲ့ ကာလကြာရှည်တောင်းဆိုချက်ပေါ် အခြေခံပြီး (SSPP) နဲ့ (RCSS) တပ်ဖွဲ့ ဥက္ကဋ္ဌနှစ်ဦး ရဲ့ ဆန္ဒအရ အခုလို အပစ်ရပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
SSPP ဗဟိုဌာနချုပ် ကိုယ်စားလှယ် (၃)ဦးနဲ့  RCSS ဗဟိုဌာနချုပ် ကိုယ်စား လှယ်(၄)ဦးတို့ တွေ့ဆုံဆွေးနွေးပြီး စစ်ဘေး၊ စစ်ဒဏ်ခံနေရတဲ့ ပြည်သူလူထုကို ထောက်ထားပြီး  နှစ်ဖက်သဘောတူ အပစ်ခတ်ရပ်စဲလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ သဘောတူထုတ်ပြန်ချက်အရ အပစ်အခတ်ရပ်စဲရေးပြီးရင် စစ်သုံ့ပန်းတွေ လဲလှယ်ဖို့လည်း ပါဝင်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။
ဒီသဘောတူချက်တွေကို မူလက လက်နက်ကိုင်နှစ်ဖွဲ့ ဥက္ကဋ္ဌပိုင်းက သဘောတူ လက်မှတ်ထိုးဖို့ဖြစ်ပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေအရ ခေါင်းဆောင်တွေရဲ့ကိုယ်စား ကိုယ်စားလှယ်အဖွဲ့ကပဲ လက်မှတ်ရေးထိုးခဲ့တယ်လို့ SSSPP ဘက်က ပြောပါတယ်။

ယုံကြည်မှုတည်ဆောက်ပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်မယ်ဆိုတာနဲ့ နယ်မြေ သတ်မှတ်ချက်ဆိုင်ရာ ကိစ္စတွေကိုတော့ ဆက်လက်ဆွေးနွေးသွားရဦးမယ်လို့ ဆိုပါတယ်။
 (SSPP) နဲ့ (RCSS) တပ်ဖွဲ့အကြား ၂၀၁၈ ခုနှစ်ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ကာလများအတွင်းမှာလည်း RCSS နဲ့  SSPP အဖွဲ့ကြား ် အပြန်အလှန်ထိတွေ့ပစ်ခတ်မှု၊ ချောင်းမြောင်းပစ်ခတ်မှု ဖြစ်စဉ်တွေရှိခဲ့တာဖြစ်ပါတယ်။

SSPPနှင့် RCSS တို့ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့  လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားမှုလည်း အလွန်နည်းပါးခဲ့တာဖြစ်ပါတယ်။၂၀၂၃ ခုနှစ် သြဂုတ်လဆန်းပိုင်းမှာတော့ ခေါင်းဆောင်ပိုင်းတွေက နှစ်ဖက်အဖွဲ့တွေ အပစ်ရပ်ဖို့ နှုတ်မိန့်ပေးခဲ့ပြီး ယခုချိန်မှာတော့ တရားဝင်အပစ်ရပ်ကြောင်း ထုတ်ပြန်တာဖြစ်တယ်လို့သိရပါတယ်။

အခုလို နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီးနောက် ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ရှမ်းပြည်နယ်တွင်း စစ်ရေးပဋိပက္ခများအပေါ် နှစ်ဖက်တပ်ဖွဲ့ ပူးပေါင်းပါဝင် ဖြေရှင်းမှု၊ ပူပေါင်းနိုင်မှု အခြေအနေထိကိုလည်း ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

RCSS နှင့် SSPP လက်နက်ကိုင်(၂)ဖွဲ့ဟာ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို ကြေညာနိုင်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံအတွင်းမှာ စစ်ကောင်စီတပ်နဲ့  အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF များကြားမှာ  တိုက်ပွဲများ ဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။

လက်ရှိမှာ TNLAက ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်ကို ၎င်းရဲ့ မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ်မတော်(MNDAA)၊ ရက္ခိုင်တပ်တော်(AA) အပါအဝင် အခြား မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်စခန်း ၂၂၈ ခုထက်မနည်းကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ဒါ့အပြင်  ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLAနဲ့  SSPP တို့လည်း မူဆယ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly