ခရမ်းနှင့် သုံးခွမြို့ စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၄ ခု တချိန်တည်း တိုက်ခိုက်ခံရ 

By ရောင်နီ (မဇ္စျိမ)
01 December 2023
ခရမ်းနှင့် သုံးခွမြို့ စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၄ ခု တချိန်တည်း တိုက်ခိုက်ခံရ 
ပုံအညွှန်း - ခရမ်းမြို့နယ်အား Google Maps မှတဆင့် မြင်ရပုံ။

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်ရှိ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်မှ စစ်ကောင်စီတပ်စွဲထားသည့် နေရာများအား တချိန်တည်း ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများက မဇ္စျိမကို ပြောသည်။ 

ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ အချိန်တွင် ခရမ်းမြို့မရဲစခန်း၊ ဆည်မြောင်းစစ်ဆေးရေးဂိတ်နှင့် ရေကျော်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Khayan PDF)က တိုက်ခိုက်ခြင်းဖြစ်သည်။ 

“ ရဲစခန်း၊ စစ်ကောင်စီတပ်စွဲထားတဲ့ ရေကျော်ဘုန်းကြီးကျောင်း၊ ဆည်မြောင်းဂိတ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်တာပါ။ ပြင်းအားမြင့်ဗုံး၊ ဒရုန်းနဲ့ ၄၀ မမတွေ အသုံးပြုခဲ့ပါတယ်။” ဟု Khayan PDF တာ၀န်ရှိသူက ပြောသည်။ 

ထိုသို့ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

အလားတူ တချိန်တည်းတွင် သုံးခွမြို့နယ်ရဲစခန်းကို သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၄၀မမ ဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

“ခရမ်းနဲ့ တချိန်တည်း ကစားတာပါ။ သုံးခွမြို့မရဲစခန်းကို ၄၀ မမနဲ့ သုံးလုံး ကျွေးလိုက်တာဖြစ်ပါတယ်။ နှစ်လုံးက စခန်းထဲ  တိတိကျကျ ပေါက်ကွဲပါတယ်။ ထိခိုက်မှုရှိတာ သိရပေမယ့် အသေအပျောက်ကို သေချာမသိရသေးပါဘူး” ဟု သုံးခွမြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့၏ လုံခြုံရေးတင်းကျပ်ကာ အင်အားသုံးပိတ်ဆို့မှုကြောင့် ခရမ်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှု မပြုလုပ်နိုင်သည်မှာ ခြောက်လခန့်ကြာမြင့်နေပြီဖြစ်ပြီး သုံးခွမြို့နယ်တွင် ၁၁ လခန့်ရှိပြီ ဖြစ်သည်။ 

ယနေ့ နံနက်အစောပိုင်း ပစ်ခတ်တိုက်ခိုက်မှုသည် ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို ကာကွယ်ရေးတပ်ဖွဲ့များ၏ တကျော့ပြန် တိုက်ခိုက်မှုဖြစ်သည်။ 

“ ဒီနေ့ နံနက် တိုက်ခိုက်မှုကို အားရပါတယ်။ စနစ််တကျ ပြန်လည်ပြင်ဆင်ထားပြီးဖြစ်တဲ့အတွက်လည်း အေးဆေးပါ။ သူတို့(စစ်ကောင်စီတပ်)က ခရမ်းကို အင်အားသုံးပြီး ပိတ်ဆို့ထားပေမယ့် ကျွန်တော်တို့က ကျွန်တော်တို့ မြို့ ကျွန်တော်တို့ ပိုင်တယ်ဆိုတာကို ပြလိုက်တာပါ။ ပြည်သူတွေက အောင်သပြေပန်းနဲ့ ကြိုနေပါလို့ မှာချင်ပါတယ်” ဟု ခရမ်း PDF တာဝန်ရှိသူက ပြောသည်။

သုံးခွမြို့နယ် ပကဖ တာဝန်ရှိသူကလည်း “  မြို့နယ်နှစ်ခုလုံးက ပြည်သူတွေအတွက် ကျွန်တော်တို့ ခရမ်းနဲ့သုံးခွက ညီနောင်တွေ တလှိုင်းပြီး တလှိုင်းလာတော့မယ်ဆိုတာ ပြောချင်ပါတယ်” ဟု ဆိုသည်။ 

ခရမ်းနှင့် သုံးခွမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မြို့နယ်နှစ်မြို့နယ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ 

“ မနက်အစောပိုင်းကြီး ပေါက်ကွဲသံတွေ သေနတ်သံတွေကြားလိုက်ရတယ်။ အခုတော့ ခရမ်းမြို့ကနေ ရွာတွေဘက်သွားတဲ့ လမ်းတွေကို ပိတ်ထားလိုက်ပြီ။ မြို့ထဲမှာလည်း စစ်သားတွေ ကားနဲ့ ပတ်ပြီး ကင်းလှည့်နေတယ်။ သုံးခွမှာလည်း မြို့အဝင်အထွက်တွေမှာ ပိတ်ဆို့ စစ်ဆေးတာတွေ ရှိနေတယ်။ ဖမ်းဆီးခံရတာတော့ မကြားသေးဘူး” ဟု ဒေသခံတဦးက ပြောသည်။ 

ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်သည် ပဲခူးတိုင်းနှင့် နယ်နိမိတ်ထိစပ်နေသည့် ရန်ကုန်တိုင်း၏ အစွန်ဆုံး မြို့နယ်များဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly