သရက်ချောင်းမှာ PDF လက်ခံရင် ရွာကိုဖျက်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်စာရေး

By ကိုရွှေမြိတ်(မဇ္ဈိမ)
30 November 2023
သရက်ချောင်းမှာ PDF လက်ခံရင် ရွာကိုဖျက်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်စာရေး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာတွင် စစ်ကောင်စီတပ်က ရွာထဲရှိ နေအိမ်အများအပြားကို မွှေနှောက်ရှာဖွေကာ PDF ထောက်ခံရင်၊ လက်ခံရင် ရွာဖျက်မည်ဟု ခြိမ်းခြောက်စာများကို ရေးသားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် စစ်ကောင်စီတပ်သည် မြေတင်ကား သုံးစီး အင်အား ၅၀ နီးပါးဖြင့် ရွာထဲသို့ သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီးနောက် ဒေသခံများ ကြောက်လန့် ထွက်ပြေး ချိန်တွင် နေအိမ်များကို မွှေနှောက် ရှာဖွေကာ ဆိုင်ကယ် နှစ်စီး အပါဝင် ငွေကြေး၊ လက်ကိုင်ဖုန်းနှင့် တခြားတန်ဖိုးကြီး ပစ္စည်းများကို ယူဆောင် သွားပြီးနောက် အခုလို ခြိမ်းခြောက်စာများကို ရေးသားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

သရက်ချောင်းမြို့နေ ဒေသခံအမျိုးသမီး တဦးက “ရွာမှာ တိုက်ပွဲ ဖြစ်တာ မရှိပါဘူး၊ စစ်တပ်က အကြောင်းမဲ့ ဝင်လာပြီး ရွာထဲကို PDF တွေ ဝင်နေတယ် ဆိုပြီး လာလုပ်သွားတာပါ”ဟု ပြော သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သရက်ချောင်းမြို့နယ်ရှိ ပိတိုင်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပြီး အခုလို ရွာထဲကို PDF အဖွဲ့ ရောက်ရှိနေသည်ဟု အကြောင်းပြချက်ဖြင့် လာရောက်ခြိမ်းခြောက်တာ ဖြစ်သည်ဟု ဒေသခံများက ဆို သည်။

အဆိုပါ စစ်ကောင်စီ တပ်သားများသည်၊ ရွာထဲက လမ်းနှင့် ရွာခံများရဲ့ အိမ်နံရံများ ပေါ်တွင် ညစ်ညမ်းသည့် အသုံးအနှုန်းများနှင့် အတူ‘PDF ကိုထောက်ခံရင် ရွာဖျက်မယ်၊ PDF လက်ခံရင် ရွာဖျက်မယ် ဆိုတဲ့’ စာများကို ရေးသားထားခဲ့ခြင်း ဖြစ် သည်။

“စစ်တပ်က ရွာထဲကို ဝင်လာတာနဲ့ပဲ သေနတ်တွေ ပစ်ပြီး ဝင်လာတော့ ရွာခံတွေက အကုန်ပြေးတာပေါ့ရှင်၊ မပြေးခင်တဲ့ စာသင်ကျောင်း အနီးတဝိုက်မှာရှိတဲ့ လူတွေတော့ အကုန်ထိုင်ခိုင်းထားတာ ရှိတယ်”ဟု အထက်ပါ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

ယင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး ထားဝယ်ခရိုင်ထဲတွင် အောက်တိုဘာလကလည်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှ နေအိမ် ၂၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ခဲ့သလို  "နောက်တစ်ကြိမ် တရွာလုံး ပြာကျမယ်"ဟု ခြိမ်းခြောက်စာ ရေးသားခဲ့သေးသည်။

အလားတူ လောင်းလုံးမြို့နယ် သပြေရှောင်ရွာကိုလည်း အခုတပတ် အတွင်းတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်ကာ ရေလုပ်သားတဲနှင့် ဆိုင်ကယ် ၂၁ စီးကို မီးရှို့ဖျက်ဆီးခဲ့ကာ "ဆန္ဒ ထပ်ပြရင် ဒီထက် ပိုဆိုးမယ်"ဆိုပြီး ခြိမ်းခြောက်စာ ရေးသားခဲ့သည်။

စစ်ရေးသတိကြီးကြီးထားပြီး စစ်ကောင်စီတပ်ဖွဲ့၏ လှုပ်ရှားမှု သတင်းများ နီးစပ်ရာ ပြည်သူ့ ကာကွယ်ရေး တပ်သားများဆီ ပေးပို့ခြင်းနှင့် လူထုခုခံတွန်းလှန်စစ်တွင် ပါဝင်ကြပါရန် တနင်္သာရီတိုင်းစစ်ဌာန၏ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly