ရွှေဘိုမှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက် ၂ ဦး သေဆုံး

By MTO (မဇ္စျိမ)
30 November 2023
ရွှေဘိုမှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက် ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် စိုင်နိုင်ကွေ့စစ်ကောင်စီတပ်စခန်းမှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ရွေဘိုမြို့နယ် ရွာသစ်လမ်းထိပ်နှင့် ဇီးတောရွာအကြားတွင် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ရှစ်ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ၉ နာရီ  ၄၅ မိနစ် အချိန်တွင် ရွာသစ်လမ်းထိပ်ရှိ မိုင်းကွင်းထဲသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲပြီးနောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ ရွှေဘိုမြို့နယ် ရွာသစ်လမ်းထိပ်နှင့်ဇီးတောရွာကြာအရောက်မှာကနဦးမိုင်းဆွဲတိုက်ခိုက်ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစစစ်ကြောင်းပျက်ချိန် အသင့်နေရာယူထားသော ရဲဘော်များမှ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်  နှစ်ဦးသေပြီး  ရှစ်ဦး ပြင်းထန် ဒဏ်ရာရတယ်လို့ သိထားပါတယ်” ဟု ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ရှိခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကြောင်းသည် ဝက်လက်မြို့နယ်အတွင်းရှိ ရွှေပန်းကုန်း ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်အတွက် ရွှေဘိုမြို့မှ စစ်ကူသွားသည့် စစ်ကြောင်းဖြစ်ပြီး ဝက်လက်မြို့နယ် လှတောကျေးရွာတွင် ခေတ္တအထိုင်ချပြီးနောက် ရွှေဘိုမြို့သို့ ပြန်လည်ထွက်ခွာလာ သည့် စစ်ကြောင်းဖြစ်ကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဆိုသည်။

ယခုတိုက်ခိုက်မှုကို  စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်)ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)(ဝက်လက်မြို့နယ်)၊ တိုက်နယ်(၅) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ်)၊ ရွှေမင်းသား ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဝက်လက်မြို့နယ်)၊ ရွှေဘိုခရိုင်တပ်ရင်း(၂၃)တပ်ခွဲ(၁)-နောင်ရိုးArmy တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required