ကြံ့ခိုင်ရေးရုံး တိုက်ခိုက်ခံရမှုမှ ဖမ်းဆီးခံလူငယ် ၆ ဦးကို သတ်ဖြတ်ပစ်ဟုဆို

By 007 (မဇ္ဈိမ)
30 November 2023
ကြံ့ခိုင်ရေးရုံး တိုက်ခိုက်ခံရမှုမှ ဖမ်းဆီးခံလူငယ် ၆ ဦးကို သတ်ဖြတ်ပစ်ဟုဆို
ပုံစာ - ကျောက်ဆည်မြို့အဝင်ဆိုင်းဘုတ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသည့် လူငယ်ခြောက်ဦးကို၊ စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၈ ရက်နေ့တွင် သတ်ဖြတ်ပစ်လိုက်ကြောင်း ဒေသခံများထံက သိရသည်။

တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍၊ စစ်ကောင်စီတပ်က ကျောက်ဆည်မြို့အတွင်း လုံခြုံရေးတင်းကျပ်စစ်ဆေးခဲ့ပြီး နို၀င်ဘာလ ၂၈ ရက် နံနက် ၈ နာရီခန့်တွင် အဆိုပါ လူငယ်ခြောက်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ပထမတော့ ဖမ်းထားတယ်ပဲထင်တာ၊ ဒီမနက်(နိုဝင်ဘာ ၂၉ ရက်) စစ်အုပ်စုဘက်က သတင်းတွေဖတ်ရတော့မှ ပစ်သတ်လိုက်တာလို့ သိရတာ၊ ကောင်လေးတွေက သာမန်အလုပ်သမားလေးတွေပါ” ဟု မြို့ခံတဦးကပြောသည်။

ပြီးခဲ့သည့်နို၀င်ဘာလ ၂၄ ရက်နေ့က ကြံ့ခိုင်ရေး(ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)ရုံးအတွင်း အစည်းအဝေးပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို၊ ကျောက်ဆည်ခရိုင်ကာ ကွယ်ရေးတပ်ဖွဲ့(KDDF-Kyaukse District Defense Froce)နှင့် ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် (KRA-Kyaukse Revolution Army)တို့ပူးပေါင်းပြီး လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကလေးတွေအဖမ်းခံရပြီးပျောက်နေလို့ ရဲစခန်းသွားမေးတော့ မသိဘူးမရှိဘူးလို့ဘဲ ပြန်ဖြေတယ်၊ ဒီမနက် စစ်တပ်သတင်းတွေတက်လာတော့မှ ခြောက်ယောက်စလုံးကို PDF ဆိုပြီး ပစ်သတ်လိုက်တာလို့သိရတာ၊ တကယ်က ဖမ်းသွားတာပါ၊ ဖမ်းပြီးမှ လုပ်ထည့်လိုက်တာ” ဟု  ကျောက်ဆည်မြို့ခံသတင်းရင်းမြစ်က မဇ္စျိမကိုပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်လာသည့် စစ်တပ်ထောက်ခံသည့် သတင်းများတွင် ကိုသိန်းစိုးဦး(အသက် ၂၆ နှစ်)၊ ကိုဖြိုးကို(အသက် ၂၄ နှစ်)၊ အသက် ၂၀ ၀န်းကျင်အရွယ်များဖြစ်ကြသော ကိုသိန်းမောင်မောင်၊ ကို၀င်းကိုထွေး၊ ကိုမျိုးမျိုးနှင့် ကိုဝေယံအောင် စုစုပေါင်းခြောက်ဦးကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးရာမှ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဆိုထားပြီး ၎င်းနှင့်ပတ်သက်၍ ဖြစ်စဥ်သိရှိခဲ့သည့် ဒေသခံများက ငြင်းဆိုသည်။

"ပစ်ဖမ်းတာမဟုတ်ဘူး၊ ဖမ်းသွားပြီးမှ အစဖျောက်လိုက်တာ၊ ဗုံးထောင်တာက PDF၊ PDF ကိုမဖမ်းနိုင်တော့ တွေ့ကရာလူ ကောက်ဖမ်းပြီး သတ်ပစ်လိုက်တာ" ဟု ဒေသခံတဦးကဆိုသည်။

အဆိုပါလူငယ်ခြောက်ဦးနှင့်ပတ်သက်၍ ၎င်းတို့သည်၊ မြစ်သားနှင့်ကူမဲမြို့တို့မှ ကျောက်ဆည်မြို့သို့လာရောက် အလုပ်လုပ်နေသော၊ ငှက်ပျောစိုက်ပျိုးရေးခြံတခုမှ အလုပ်သမားများဖြစ်ကြောင်း၊ ခြံလုပ်သားအဖြစ်အလုပ်၀င်နေသည်မှာ ခြောက်နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ်(KRA-Kyaukse Revolution Army) သို့ မဇ္စျိမကဆက်သွယ်မေးမြန်းကြည့်ရာ "ကျွန်တော်တို့လည်းစုံစမ်းနေပါတယ်၊ ကာကွယ်ရေးရဲဘော်တွေမဟုတ်ဖို့များပါတယ်" ဟု ပြန်ဖြေကြားပေးသည်။

စစ်ကောင်စီသည် ၎င်းတို့တိုက်ခိုက်ခံရမှုများတွင် သက်ဆိုင်သည့်အဖွဲ့အစည်းကို ဖမ်းဆီးနိုင်ခြင်းမရှိသည့်အခါ အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်မှု ပြုလုပ်လေ့ရှိရာ ပြီးခဲ့သည့်စက်တင်ဘာလ ၃ ရက်နေ့ကလည်း ဧရာဝတီတိုင်း ရေကြည်မြို့နယ် အသုတ်မြို့မရဲစခန်းမှူးနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးပစ်ခံရမှုတွင် စွပ်စွဲဖမ်းဆီးခံရသူ ၁၀ ဦးအနက် တဦးကို၊ စစ်ကြောရေးတွင်သတ်ဖြတ်ပစ်ခဲ့သည့်ဖြစ်စဥ် ရှိခဲ့ဖူးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly