ကမ္ဘာ့ကုန်သွယ်ရေးတွင် ထောက်ပံ့ရေး အဓိက ပြိုင်ဘက် အမေရိကန်နှင့် တရုတ်

ကမ္ဘာ့ကုန်သွယ်ရေးတွင် ထောက်ပံ့ရေး အဓိက ပြိုင်ဘက် အမေရိကန်နှင့် တရုတ်
အမေရိကန်သယ်ယူပို့ဆောင်ရေးဝန်ကြီး Pete Buttigieg သည် တနင်္လာနေ့၌ အိမ်ဖြူတော်တွင် သမ္မတ Joe Biden နှင့်မိတ်ဆက်စဉ် ထောက်ပံ့ရေးကွင်းဆက်များအကြောင်း ဆွေးနွေးခဲ့ ဓာတ်ပုံ- Getty Images AFP

အမေရိကန်နှင့် တရုတ်တို့သည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု စနစ်တွင် သက်ဆိုင်ရာ စီးပွားရေး ကဏ္ဍများ၌ ၎င်းတို့၏ ထောက်ပံ့ရေး ကွင်းဆက်များကို ခံနိုင်ရည်ရှိပြီး ရေရှည် တည်တံ့အောင် တည်ဆောက်ထားကြပြီး အခိုင်အမာ ရပ်တည်နိုင်ရန် အဓိက ပြိုင်ဆိုင်နေကြသည်။

တရုတ်မှ Tesla၊ Apple၊ Intel နှင့် Qualcomm တို့ကဲ့သို့ အမေရိကန် နည်းပညာကုမ္ပဏီကြီးများ ပါဝင်သည့် ၎င်း၏ ပထမဆုံးသော နိုင်ငံတကာ ကုန်စည်ပြပွဲ မစတင်မီ နာရီပိုင်းအလိုတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က “ခံနိုင်ရည်ရှိသော ထောက်ပံ့ရေး ကွင်းဆက်များ ကောင်စီ” အစည်းအဝေးကို နိုဝင်ဘာ ၂၇ တွင် ခေါ်ယူခဲ့သည်။

"အမေရိကန်၏ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးအတွက် အရေးကြီးသော ထောက်ပံ့ရေး ကွင်းဆက်များကို ခိုင်မာစေရန်" လုပ်ဆောင်ချက်အသစ် ၃၀ ကို သမ္မတ ဘိုင်ဒင်က ကြေညာခဲ့သည် ဟု အိမ်ဖြူတော်မှ ထုတ်ပြန်သည်။

ယင်းအစီအမံများမှာ ပြည်တွင်းတွင် မရှိမဖြစ် လိုအပ်သော ဆေးဝါးများထုတ်လုပ်မှုကို အားပေးရန်နှင့် ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များတွင်"အန္တရာယ်များသော နိုင်ငံခြားထောက်ပံ့ရေးပစ္စည်းများ" အပေါ် မှီခိုမှုကို ဖြတ်တောက်ရန် ရည်ရွယ်သည်။ အမေရိကန်တွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားခဲ့သော စိုးရိမ်ပူပန်မှုများကို သမ္မတဘိုင်ဒင်က သတိပေးသည်။

ရင်းနှီးမြှုပ်နှံမှု အသစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များ ထောက်ပံ့ ရန် အကဲဖြတ်ခြင်း နှင့် ဖက်ဒရယ် အဖွဲ့အစည်းများကြား ပိုမိုထိရောက်စွာ အချက်အလက် မျှဝေနိုင်သည့် ထောက်ပံ့ရေး ကွင်းဆက်များကို စောင့်ကြည့်ရန် ကိရိယာများ ထုတ်လုပ်မှု လည်း ပါဝင်သည်။

ထို့ကြောင့် အမေရိကန် သည် အင်ဒို-ပစိဖိတ်စီးပွားရေး မူဘောင်ကဲ့သို့ အစပျိုးမှုမှ တဆင့် သတ္တုတွင်းထွက်များ ကဲ့သို့သော အဓိကကဏ္ဍများတွင် တရုတ်၏ လွှမ်းမိုး သက်ရောက်မှုကို လျှော့ချရန် မဟာမိတ်များနှင့် မိတ်ဖက်များကို ရှာဖွေခဲ့သည်။

ယင်းမူဘောင်အရ အချက်အလက် ကာကွယ်မှုမှ ကာဗွန်ထုတ်လွှတ်မှုအထိ နည်းဥပဒေများ ချမှတ်ရန် ကြိုးပမ်းနေပြီး ၎င်းတွင် ကမ္ဘာ့ GDP ၏ ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်သော အာရှ-ပစိဖိတ်နိုင်ငံ ၁၄ နိုင်ငံ ပါဝင်သည်။

နိုဝင်ဘာလ အစောပိုင်းက ဆန်ဖရန်စစ္စကိုတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တက်ရောက်ခဲ့သော အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွင် ကုန်သွယ်ရေး သဘောတူညီချက် မရယူနိုင်ခဲ့ခြင်းသည် စိတ်ဝင်စားဖွယ် ကိစ္စရပ် တခု ဖြစ်ခဲ့သည်။

သမ္မတ ဘိုင်ဒင် နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက် ဒီမိုကရက်များသည် အမေရိကန်၏ ထောက်ပံ့ရေး ကွင်းဆက်များကို ခိုင်ခံ့စေရန်နှင့် တရုတ်အပေါ် အားကိုးမှုနည်းပါးစေရန် ကတိကဝတ်များကို အကောင်အထည်ဖော်ခြင်းဖြင့် ၂၀၂၄ ရွေးကောက်ပွဲတွင် ထောက်ခံမှုရရန် စိတ်အား ထက်သန်နေကြသည်။ ၎င်း၏ သမ္မတသက်တမ်းအတွင်း စီးပွားရေး ကဏ္ဍ အသီးသီးတွင် အမေရိကန် ထုတ်ကုန်များကို ပိုမိုနေရာပေးရန် ကြိုးစားခဲ့သည်။

တရုတ်မှ တင်သွင်းသော အမေရိကန် ကုန်ပစ္စည်း ပမာဏ သိသိသာသာ ကျဆင်းသွားသော်လည်း၊ အမေရိကန် ထောက်ပံ့ရေး ကွင်းဆက်များသည် မကြာသေးမီက တရုတ်နှင့် စီးပွားရေး ဆက်ဆံမှု ပိုမို နက်ရှိုင်းလာသော မက္ကဆီကို ကဲ့သို့ ပြင်ပနိုင်ငံများမှတဆင့် အမေရိကန်သို့ သွယ်ဝိုက် ချိတ်ဆက်မှု ရှိနေသေးသည်။

တရုတ်၏ ထောက်ပံ့ရေး ကွင်းဆက် ကုန်စည်ပြပွဲ သည် နိုဝင်ဘာ ၂၈ မှ ဒီဇင်ဘာ ၂ အထိ နိုင်ငံနှင့် ဒေသပေါင်း ၅၅ ခုမှ ကုမ္ပဏီပေါင်း ၅၁၅ ခုကို လက်ခံကျင်းပမည်ဖြစ်သည်။ ယင်းပြပွဲ တွင် စာရင်းသွင်း ပါဝင်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၏ ၂၅ ရာခိုင်နှုန်းသည် အမေရိကန်မှ ဖြစ်သည် ဟု နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ဆိုင်ရာ တရုတ်ကောင်စီက ထုတ်ပြန်သည်။

တရုတ်ကုန်စည်ပြပွဲသည် “ ၎င်း၏ ရိုးသားမှု ကို ဖော်ထုတ်ပြရန် နှင့် တာဝန်ယူမှု အတွက် အဆင်သင့် ဖြစ်သည်ကို သက်သေပြနိုင်သော အဓိက နိုင်ငံ တခု” ဖြစ်ကြောင်း ကောင်စီက မှတ်ချက်ပေး ပြောကြားပြီး ကမ္ဘာ့ စီးပွားရေးသည် “တန်ပြန်စိန်ခေါ်မှုများ” နှင့် ရင်ဆိုင်နေရကြောင်းလည်း ထည့်သွင်းပြောကြားသည်။

တရုတ်အပေါ် “တဖက်သတ် ပိတ်ဆို့အရေးယူမှုများ၊ စီးပွားရေးအရ အကျပ်ကိုင်မှု၊ ခွဲထုတ်ခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက် ဖြတ်တောက်မှု” များ အကြောင်းကို အောက်တိုဘာ တွင် ပြုလုပ်သော ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် ခါးပါတ်လမ်းစီမံကိန်း အစပြုမှု ၏ ၁၀ နှစ်မြောက် နှီးနှောဖလှယ်ပွဲ၌ ရှီက သတိပေးပြောကြားသည်။

အမေရိကန်သည် ယမန်နှစ် ကတည်းက တရုတ်၏ အဆင့်မြင့်နည်းပညာများ တင်ပို့မှု အပေါ် ကန့်သတ်ချက်များ ချမှတ်ခဲ့ပြီး တရုတ်ဗဟိုပြု ကုန်သွယ်ရေး ကွန်ရက်အတွင်း လမ်းကြောင်းများ ဝင်ရောက်မှုကို တားဆီးရန် ရည်ရွယ်သည်။

ရှီ က “စီးပွားရေး ခွဲထုတ်ခြင်း” ကို ဆန့်ကျင်သည့် ၎င်း၏ ရပ်တည်ချက်ကို အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) အစည်းအဝေး တွင် ဘိုင်ဒင် အား ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရသည်။ တွေ့ဆုံမှု အပြီးတွင် ဘိုင်ဒင် က တရုတ်အား “စီးပွားရေးမှ ခွဲထုတ်ခြင်း မဟုတ်၊ စွန့်စားမှု ကို လျှော့ချခြင်း” ဖြစ်ကြောင်း အမေရိကန် စီးပွားရေး ခေါင်းဆောင်များအား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required