ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့၏ ထိုးစစ်ကြောင့် အိန္ဒိယ၏ ရှေ့ခြေလှမ်းက ဘာဖြစ်သင့်သလဲ 

By Outlook
29 November 2023
ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့၏ ထိုးစစ်ကြောင့် အိန္ဒိယ၏ ရှေ့ခြေလှမ်းက ဘာဖြစ်သင့်သလဲ 
ဓာတ်ပုံ- ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့

MNDAA၊ TNLA နှင့် AA တို့ ပူးပေါင်းထားသော ‘ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့’ သည် မြန်မာမြောက်ပိုင်းတွင် အကြီးစား ထိုးစစ်များ ဆင်နွှဲရာ အဆိုပါ မဟာမိတ်အဖွဲ့နှင့် အခြားသော ‘တော်လှန်ရေးတပ်များ’ သည် နိုင်ငံ၏ အပိုင်းတော်တော်များများကို ထိန်းချုပ်ထားပြီဟု ပညာရှင်များက ပြောလာရသည်။ အပြောင်းအလဲများသည် မြန်မာနိုင်ငံက အာဏာအနေအထား အရွေ့၏ ရုတ်ခြည်းသက်ရောက်မှုပဲ ဖြစ်ပြီး တရုတ်နှင့် အိန္ဒိယက မည်သို့ တုံ့ပြန်မည်ဆိုသည်အပေါ် များစွာ မှီတည်နေကြောင်း ၎င်းတို့က ပြောသည်။ 

အိမ်နီးချင်း မြန်မာနိုင်ငံက အဖြစ်အပျက်များကို ရှင်းလင်းရာ၌ နယူးဒေလီအခြေစိုက် မူဝါဒသုတေသနစင်တာ အဖွဲ့ဝင် Angshuman Choudhury က မြန်မာစစ်တပ်သည် ထိရောက်စွာ ထိန်းချုပ်ရေး၌ နိုင်ငံ၏ နေရာအများစုကို တိုင်းရင်းသားတပ်များသို့ လက်လွှတ်ဆုံးရှုံးနေပြီး အထူးသဖြင့် ယခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်သော စစ်ဆင်ရေးများနောက်တွင် ဖြစ်ကြောင်း ပြောဆိုသည်။ ထိုနေ့က တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့သည် တရုတ်နှင့် နယ်စပ် ရှမ်းမြောက်များ စစ်စခန်းများကို ပူးပေါင်းကာ တိုက်ခိုက်ပြီး မြို့အချို့နှင့် နယ်စပ်ဂိတ်များကို သိမ်းပိုက်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးသည် ရေရှည်စီစဉ်ထားသော ၁၀၂၇ စစ်ဆင်ရေးဟု တိုက်ခိုက်မှု စတင်သော နေ့ရက်ကို အစွဲပြုလျက် အဆိုပါ အဖွဲ့က ခေါ်ဆိုသည်။ “၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်-မြန်မာနယ်စပ် တလျောက် ရှမ်းမြောက်မှာ စတင်ပါတယ်၊ အခုဆိုရင် တော်လှန်ရေးတပ်တွေဟာ ချင်းပြည်နယ်လို အိန္ဒိယ-မြန်မာနယ်စပ်အပါအဝင် အခြား ဧရိယာတွေဆီပါ  ပျံ့နှံ့နေပါပြီ၊ သူတို့တွေဟာ မြို့တွေ၊ မြို့ပြစင်တာတွေနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ထိန်းချုပ်နိုင်စွမ်း ရှိနေပြီ၊ ဒါဟာ တလလောက်အတွင်းမှာပဲ ဖြစ်လာတာ၊ စစ်တပ်က အဲဒီ နယ်မြေတွေကို ပြန်လည် သိမ်းနိုင်စွမ်း မရှိဘူး”ဟု Choudhury က ပြောသည်။ 

ထို စစ်ဆင်ရေး မတိုင်ခင်ကပင် စစ်တပ်သည် “ပိုင်နက်နယ်မြေ ၆၀ ရာခိုင်နှုန်းကျော်”ကို ထိရောက်စွာ  ထိန်းချုပ်နိုင်စွမ်း မရှိတော့ဟု အများစုက ပြောကြကြောင်း ၎င်းက ဆိုသည်။ “တခါတရံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  က နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားတယ်လို့ အတည်ပြုဆိုတယ်၊ စစ်အာဏာသိမ်းအုပ်စုရော NUG ရောဟာ ပဋိပက္ခမှာ အဓိကဖြစ်နေပြီး တဦးအပြောကို တဦးက လက်မခံနိုင်ကြဘူး၊ ဒါပေမဲ့ တချိန်တည်းမှာပဲ ညီနောင်မဟာမိတ်သုံးဖော်နဲ့ အခြားအဖွဲ့တွေက နိုင်ငံရဲ့ ဒေသအများအပြားကို ထိန်းချုပ်ထားပြီဆိုတာကိုတော့ မငြင်းဆန်နိုင်ပါဘူး”ဟု Choudhury က ဆိုသည်။ 

ဩစတြေးလျ၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားတို့မှ သံတမန်များ ပါဝင်သည့် တတိယအဖွဲ့အစည်းဖြစ်သော အထူးအကြံပေးကောင်စီက ထုတ်ပြန်သည့် သတင်းများကဲ့သို့ပင် လွတ်လပ်သော သတင်းအချို့လည်း ရှိထားသည်။ ထို သတင်းများတွင် နိုင်ငံ၏ ၂၅ ရာခိုင်နှုန်းကို  “တော်လှန်ရေးတပ်များ” က ထိန်းချုပ်ထားသည်ဟု ဆိုသည်။ “အတိအကျ စာရင်းကို ကောက်ယူဖို့ ခက်ခဲမယ်လို့ ကျွန်တော် ထင်တယ်၊ ဒါပေမဲ့ စစ်တပ်ဟာ နိုင်ငံရဲ့ သိသာတဲ့ နယ်မြေအပိုင်းတွေကို ထိန်းချုပ်နိုင်မှု  ဆုံးရှုံးသွားပြီလို့တော့ ကျွန်တော်တို့ ပြောနိုင်တယ်”ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ၂၀၂၁ အာဏာသိမ်းမှု၌ စစ်တပ်က ဖြုတ်ချပြီး အစပျိုး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု နိဂုံးသတ်ကာ ဆန္ဒပြမှုများ ဖြစ်ပွားချိန်မှနောက်ပိုင်း ဝရုန်းသုန်းကား ဆိုက်လျက် ရှိသည်။ နိုင်ငံ၏ ဒေသအမျိုးမျိုးတွင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများက ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်အတွက် ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်နေသော တိုင်းရင်းသား လူနည်းစုတပ်များနှင့်အတူ လက်နက်စွဲကိုင် တော်လှန်ကြသည်။ 

ညီနောင်သုံးဖော်မဟာမိတ် 

အစုအဖွဲ့အဖြစ် သိထားသော “ညီနောင်သုံးဖော်မဟာမိတ်” သည်  “ဖိနှိပ်ချုပ်ချယ်သော စစ်အာဏာရှင်ကို အမြစ်ဖြတ်ရန် သန္နိဋ္ဌာန်ချထားသည်”ဟု အတည်ပြု ပြောဆိုထားသကဲ့သို့ မြန်မာ-တရုတ် နယ်စပ်က အွန်လိုင်းလောင်းကစားလိမ်လည်မှု လုပ်ငန်းများကို တိုက်ဖျက်သွားရန်လည်း ကတိပြုထားသည်။ 

အဆိုပါ ညီနောင်သုံးဖော်မဟာမိတ်အဖွဲ့သည် မကြာသေးခင်ကမှ ထွက်ပေါ်လာသည့် အဖွဲ့မဟုတ်ကြောင်း Choudhury က ပြောသည်။ ယင်းအုပ်စု ဖြစ်တည်လာသည်မှာ ခြောက်နှစ်ဝန်းကျင် ရှိပြီဟု ၎င်းက ဆိုသည်။ “ဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဟာ စစ်တပ်ရဲ့ အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို လက်နက်မဲ့အောင် ကြံစည်ချက်အဖြစ် ပြောဆိုပြီး မလျှော့တမ်း ပယ်ချလာခဲ့တာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ဖွဲ့စည်းသော ညီနောင်သုံးဖော်မဟာမိတ်အဖွဲ့အပြင် KIA ပူးပေါင်းပါဝင်သည့် “မြောက်ပိုင်းမဟာမိတ်”အဖွဲ့လည်း ရှိသေးသည်။ ထိုပြင် UWSA ဦးဆောင်သော မြောက်ပိုင်းမှ အပစ်မရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းစုဖြစ်သော FPNCC လည်း  ရှိသည်။ 

ထိုးစစ်သစ်များကို  လက်ငင်းမီးစပျိုးပေးသည်က မြောက်ပိုင်းရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများပဲဟု Choudhury က ပြောသည်။ အဆိုပါ လိမ်လည်လုပ်ငန်းများကို စစ်တပ်ထောက်ခံသော ပြည်သူ့စစ်များက လည်ပတ်နေပြီး သားကောင်အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်နေသည်။ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော အဆိုပါ လိမ်လည်မှုလုပ်ငန်းများကို ပိတ်ပစ်ရန် စစ်ကောင်စီအား တရုတ်က တိုက်တွန်းလျက် ရှိသည်။ “စစ်ကောင်စီဟာ သူတို့အတွက် ကြီးမားတဲ့ ဝင်ငွေဖြစ်နေတာကြောင့် အဲဒီလုပ်ငန်းတွေကို မပိတ်ပစ်ဘူး”ဟု Choudhury က ပြောပြီး ထိုအတွက်ကြောင့် ‘ကိုးကန့်တပ်မတော်’ ဟုလည်း သိရသော MNDAA ကို TNLA နှင့် AA တို့နှင့်အတူ ပူးပေါင်း၍ ထို လုပ်ငန်းစင်တာများအား ပစ်မှတ်ထား တိုက်ခိုက်ရန် တရုတ်က ခွင့်ပြုလိုက်ပုံ ရှိသည်ဟု ၎င်းက ဆိုသည်။ သို့ရာတွင် ထို အုပ်စုတွင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွား ရှိထားခြင်းနှင့် နိုင်ငံအား စစ်တပ်က ထိန်းချုပ်ခြင်းကို ဖြိုချရန် ကြီးမားသည့် ပန်းတိုင် ရှိခြင်းတို့ကြောင့် ထိုးစစ်သစ်များကို တရုတ်က စတင်စေသည်ဟု ကောက်ချက်ချခြင်းက ယေဘုယျဆန်လွန်းလိမ့်မည်ဟု ၎င်းက ပြောသည်။ 

၂၀၂၁ ၌ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားလာသည့် ပဋိပက္ခသည် နောက်ကြောင်းပြန် တုံ့ဆိုင်းခြင်းများနှင့် ဖြေရှင်းနည်း ရှာရန်၌ ရှုပ်ထွေးခြင်းများ ဖြစ်စေသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR အရ သိရသည်။ ပြည်သူထောင်ပေါင်းများစွာ နိုင်ငံမှ ထွက်ပြေးပြီး ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူပေါင်းက လက်ရှိ၌ ၁ ဒသမ ၉၅ သန်း ရှိနေပြီ ဖြစ်သည်။ 

“မြန်မာစစ်တပ်၏ ၂၀၂၁ အာဏာသိမ်းချိန်မှနောက်ပိုင်း  အိန္ဒိယနိုင်ငံသည် အရှေ့မြောက်ပိုင်း နယ်စပ်၌ တအုံနွေးနွေး အကျပ်အတည်း ရှိလာခဲ့ကြောင်း၊ မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှ အရပ်သား ၅၀,၀၀၀ ကျော်ထက်မနည်းသည် နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယ အရှေ့မြောက်ပိုင်းသို့ ဝင်ရောက်ကြကြောင်း” ယခုနှစ် ဇူလိုင်လအတွင်းက “မြန်မာနယ်စပ်အရေး အိန္ဒိယ၏ ဟန်ချက်ညီ ဥပဒေက အချိန်လွန်လာ” ဆိုသော အစီရင်ခံစာ၌ ဖော်ပြထားသည်။ အိန္ဒိယသည် အနုစိတ်သော ဟန်ချက်ညီ ဥပဒေကို ထိန်းသိမ်းထားပြီး နိုင်ငံအတွင်း ဒုက္ခသည်များကို ခွင့်ပြုပေးခဲ့သော်လည်း စစ်အာဏာသိမ်းအုပ်စုနှင့် ၎င်း၏ စစ်ကောင်စီအပေါ် နိုင်ငံရေးဖိအားပေးရန်ကို လက်ရှောင်ထားသည်ဟု အဆိုပါ  အစီရင်ခံစာက ဆိုထားသည်။ 

အိန္ဒိယအတွက် ရွေးချယ်စရာများ 

မြန်မာနိုင်ငံတွင် အိန္ဒိယအတွက် ရွေးချယ်စရာမှာ ရှေ့တန်းတွင် ပါဝင်ကစားရန် ဖြစ်သည်ဟု Choudhury က ဆိုသည်။ “အိန္ဒိယဟာ သေချာပါဝင်သင့်တယ်လို့ ကျွန်တော်တော့ ထင်တယ်၊ အထူးသဖြင့်တော့ အာဏာသိမ်းပြီးနောက် လပိုင်းတွေမှာပေါ့”ဟု ၎င်းက ဆိုသည်။ 

“ကျွန်တော်တို့အနေနဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အခြား တပ်အုပ်စုတွေနဲ့ အလေးအနက်ထား ချိတ်ဆက်သင့်တယ်၊ ဒီဒေသတွေဟာ ကုလားတန်စီမံကိန်းလို ကျွန်တော်တို့ရဲ့ စီမံကိန်းများစွာ ရှိတာကြောင့် ကျွန်တော်တို့အတွက် အရေးကြီးတယ်”ဟု ၎င်းက ဆိုသည်။ 

“ဒီ ဒေသက အုပ်စုတွေသာ အိန္ဒိယကို ရန်လိုနေတယ်ဆိုရင် သူတို့တွေ အိန္ဒိယနဲ့ ဆက်ဆံ အလုပ်လုပ်မှာ မဟုတ်ဘူး၊ ဒီကျရင် ကျွန်တော်တို့အတွက် ပြဿနာ ရှိလာမယ်”ဟု ၎င်းက ပြောသည်။ 

“ကျွန်တော့်ရဲ့ အမြင်ကတော့ ကွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ကာကွယ်ဖို့ ဒီ ပိုင်နက်တွေကို ထိန်းချုပ်ထားသူတွေနဲ့ တွဲဘက်လုပ်ကိုင်ဖို့ လိုတယ်ဆိုတာပဲ”ဟု ၎င်းက ထပ်လောင်းပြောသည်။ “လက်ရှိ အဖြစ်သနစ်မှာတော့ ကြားနေဆိုတဲ့ မူဝါဒ မရှိဘူး၊ ကြားနေဖို့ ရွေးချယ်စရာ မရှိဘူး၊ မြန်မာနိုင်ငံမှာ ဗမာတွေ ကြားမှာတောင် စစ်တပ်ကို အတော်လေး မနှစ်သက်ကြဘူး”ဟု ၎င်းက ပြောသည်။ “စစ်တပ်ကို အများအပြားက ငြင်းပယ်ထားကြတယ်”ဟု ပြောသည်။ 

“ဒါကြောင့် စစ်တပ်နဲ့ ပုံမှန်ဆက်ဆံရေး လုပ်တဲ့ ဘယ်တိုင်းပြည်မဆိုဟာ စစ်တပ်ထောက်ခံသူတွေအဖြစ် ရှုမြင်ခံရလိမ့်မှာ ဖြစ်တယ်၊  ဒါကြောင့် ပိတ်ထားတဲ့ တံခါးတွေ နောက်ကွယ်မှာ အိန္ဒိယအနေနဲ့ အခြားသော အုပ်စုတွေနဲ့ ချိတ်ဆက်နေတယ်ဆိုရင်တောင် စစ်တပ်နဲ့ ပတ်သက်ဆက်ဆံနေတာကို ကျွန်တော် လက်မခံ ဖြစ်နေရတာပဲ၊ အိန္ဒိယအနေနဲ့ စစ်တပ်ထောက်ခံသူအဖြစ် ရှုမြင်ခံရမှာ  ဖြစ်တယ်”ဟု ၎င်းက ချေပပြောဆိုသည်။ “မြန်မာနိုင်ငံက ဒီမိုကရေစီ လိုလားတဲ့ အင်အားစုအဖွဲ့ဝင်တွေနဲ့ ကျွန်တော် ပြောဆိုဆွေးနွေးတာတွေအရတော့ အိန္ဒိယဟာ စစ်တပ်နဲ့ ဆက်ဆံပြီး သူတို့အပေါ် သစ္စာဖောက်တယ်လို့ ခံစားနေကြရတာကို ရှင်းရှင်းလင်းလင်း သိရတယ်”ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံက မြေပြင်အခြေအနေသည် ပြောင်းလဲနေပြီး ပြည်သူအများစုက စစ်တပ်ကို ဆန့်ကျင်ကြောင်း Choudhury က ပြောသည်။ “ပြည်သူတွေဟာ ဒီမိုကရေစီ ပြန်လည်ရရှိရေးကို မရမက တောင်းဆိုနေကြတယ်၊ အခြားလမ်းကြောင်း မရှိတော့ဘူး၊ အိန္ဒိယမှာ တော်တော်များများက ထင်နေတာက မြန်မာနိုင်ငံဟာ ၁၉၉၀ ခုနှစ်တွေကလို စစ်အုပ်ချုပ်ရေးအောက် ပုံမှန် ပြန်ဖြစ်ပြီး စစ်တပ်က ပြန်လည်ထိန်းချုပ်သွားမယ်ဆိုပြီးပါ၊ ဒီလိုမျိုး ချည်းကပ်တာဟာ ပြဿနာပဲ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် တရုတ်၏ ပါဝင်နေမှုကို ရှင်းပြရာ၌ တရုတ်သည် နယ်စပ်တလျောက် မတည်မငြိမ် ဖြစ်မည်ကို မလိုလားကြောင်း Choudhury က ပြောသည်။ “တရုတ်ရဲ့ ထိပ်တန်းဦးစားပေးက ရပ်ဝန်းနှင့် လမ်းပိုင်း စီမံကိန်းကြီးပါပဲ၊ ဒီ စီမံကိန်းကြီး ရှေ့ဆက်နိုင်ဖို့ တည်ငြိမ်မှု လိုပါတယ်၊ အကြမ်းဖက်မှုတွေက ဒီ စီမံကိန်းကြီး ရှေ့ဆက်ဖို့ ခက်ရာအဖြစ် တရုတ်က ရှုမြင်တယ်ဦ မြန်မာနိုင်ငံထဲ ဝင်ရောက်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ဖြတ်သွားရာ မြို့တွေကို လက်ရှိမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားနိုင်တယ်၊ ဒီလို မတည်ငြိမ်မှုတွေဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အကြီးဆုံး အနှောင့်အယှက်အဖြစ်  တရုတ်က ရှုမြင်တယ်”ဟု ၎င်းက ပြောသည်။ 

“တရုတ်ဟာ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းစဉ် ရှေ့ဆက်ဖို့ မြေပြင်မှာ တည်ငြိမ်မှုကို လိုလားတယ်လို့ ကျွန်တော် ထင်တယ်၊ တရုတ်ဟာ မီးစာတဖက် ရေမှုတဖက် ကျင့်သုံးနေတယ်၊ အာဏာမသိမ်းခင်မှာတောင် ဝ တပ်မတော်ရယ် အခြားတပ်တွေရယ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားခဲ့တာ ဖြစ်တယ်၊ ပဋိပက္ခကို သူတို့အလိုအတိုင်း ကျင်လည်စွာ  အသုံးချစီမံနိုင်ဖို့ တရုတ်ဟာ အမြဲတမ်း လိုလားခဲ့တယ်၊ သူတို့တွေဟာ တော်လှန်ရေးတပ်တွေနဲ့လည်း ပြောဆိုဆက်ဆံနေသလို  စစ်တပ်နဲ့လည်း ဆက်ဆံရေး ထိန်းထားတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly