ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

By ရွှေနွယ်၊၀၀၁ ( မဇ္ဈိမ )
29 November 2023
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

ပြန်ကြားရေးဝန်ကြီးဟောင်းနှင့် ဒုတိယဗိုလ်မှူးကြီးဟောင်းဦးရဲထွဋ်အား ဖမ်းဆီးပြီး  တလခန့်အကြာတွင်  စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းမှ သတင်းရရှိသည်။

ဦးရဲထွဋ်အား  နိုင်ငံ့ဝန်ထမ်းကို အနှောင့်အယှက်ပြုမှုရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (ဃ)ဖြင့် ထောင်ဒဏ် ခုနှစ်နှစ်၊ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - ကဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းတရားရုံးနှင့်နီးစပ်သည့်တရားရေးဝန်ထမ်းတဦးကပြောသည်။

" ဒီနေ့(နိုဝင်ဘာလ ၂၉ ရက်) မှာ ခရိုင်ရုံးက ခုနစ် နှစ်၊ မြို့နယ်က သုံးနှစ် ချမှတ်လိုက်တာပါ” ဟု ၎င်းက ပြောသည်။

ဦးရဲထွဋ်သည် လူမှုကွန်ရက်စာမျက်နှာပေါ် ၌ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက  အောက်တိုဘာ ၂၈ ရက် ညတွင်ဖမ်းဆီးခဲ့သည်။  ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိတဦးက တရားလိုပြုလုပ် အမှုဖွင့်ခဲ့ပြီး ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့တွင် အမိန့်ချမှတ်လိုက်ခြင်းဟုသိရသည်။ဦးရဲထွဋ်သည်  ရှေ့နေငှားရမ်းခြင်းမပြုဘဲ အမှုများကို ကိုယ်တိုင်ရင်ဆိုင်ခဲ့သည့်အတွက် အမိန့်ချမှတ်မှု မြန်ဆန်သွားခြင်းဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင်နှင့်နီးစပ်သည့် ဝန်ထမ်းတဦးက ပြောသည်။

 “အင်းစိန်ဗဟိုအကျဉ်းထောင်ထဲမှာဖွင့်တဲ့ အထူးတရားရုံးပေါ့နော်။ အလုံခရိုင်တရားရုံးကနေပြီးမှ တရားသူကြီး ဦးလင်းမင်းထွန်းကနေ အမိန့်ချတာဖြစ်ပါတယ်”ဟု အဆိုပါ ဝန်ထမ်းကဆိုသည်။

ဦးရဲထွဋ်သည် စစ်တက္ကသိုလ်အပတ်စဉ် (၂၂) ဆင်းဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီးရာထူးဖြင့် ၂၀၀၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးအပြင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required