ရခိုင်တွင် လေကြောင်းနှင့် ရေကြောင်းမှ တိုက်ခိုက်ခံရ၍ ရွာဘုန်းကြီးကျောင်း မီးလောင်ပြီး အရပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ

By ဓါတု (မဇ္ဈိမ)
28 November 2023
ရခိုင်တွင် လေကြောင်းနှင့် ရေကြောင်းမှ တိုက်ခိုက်ခံရ၍ ရွာဘုန်းကြီးကျောင်း မီးလောင်ပြီး အရပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ရေကြောင်း ပစ်ခတ်မှုကြောင့် ရွာဘုန်းကြီးကျောင်း မီးလောင်ပြီး အရပ်သား နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် နံနက် ၂ နာရီဝန်းကျင်မှစ၍ ၃ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်၏ ဒရုန်းပေါ်မှ ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ကျေးရွာမှ ဘုန်းကြီးကျောင်း မီးလောင်ကျွမ်းကာ ပြာကျသွားကြောင်း ဒေသခံက ပြောသည်။

ထို့နောက် နံနက် ၉ နာရီဝန်းကျင်တွင် ရဲရိုးပြင်ရွာကပ်ရပ်ရှိ ခမောင်းတောကျေးရွာ ကိုလည်း စစ်ကောင်စီတပ်က ရဟတ်ယာဥ်ပေါ်မှ စက်သေနတ်ဖြင့် ရွာအတွင်းသို့ တောက်လျှောက်ပစ်ခတ်သောကြောင့် လမ်းပေါ်သွားလာနေသည့်အမျိူး သမီးတဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့သည်။

ထို့ပြင် ပေါက်တောပြင်ကျေးရွာတွင်လည်း စစ်ကောင်စီရေတပ်က ပစ်ခတ်သည့်လက်နက်ကြီးအစထိမှန်ပြီး အမျိုးသားတဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

"အဲ့ဒီရွာတွေက ကုလားတန်မြစ်နဲ့နီးတော့ တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ရော စက်သေနတ်နဲ့ရော ပစ်ခံရတယ်၊ ဒရုန်းနဲ့လည်း ဗုံးကြဲတယ်၊ အဲ့ဒီနားက ခမောင်းတောကတော့ လမ်းမှာသွားနေတာကို ရဟတ်ယာဥ်တွေ့တော့ ကြောက်လန့်ပြီး ပြေးတာကို စက်သေနတ်နဲ့ပစ်လို့ သူ့ကိုယ်ပေါ် သုံး နေရာလောက် ထိတယ်၊ မနေ့ကတနေကုန် တညလုံး ဆက်တိုက်ပစ်နေတာဗျာ" ဟု ဒေသခံက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းကျေးရွာ၌ စပါးရိတ်သိမ်းနေသော တောင်သူတဦး စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်ပေါ်မှ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့ သေးသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိဘဲ ရက်သတ္တပတ် တပတ်ကျော်ကြာမြင့်သည်အထိ နေ့စဥ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ကုလားတန်မြစ်ကြောင်းတလျှောက် တက်လာသော စစ်ကောင်စီတပ်၏ ရေတပ်သင်္ဘောနှင့် ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀) တပ်ရင်းက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် အရပ်သားနေထိုင်ရာကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်တွေမြို့၊ အမှတ် (၁၂) ရဲတပ်ရင်းကလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည့် ပေါက်တောမြို့ဘက်သို့ ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် အရပ်သားထိခိုက်မှုနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှု ရှိနေသည်။

အဆိုပါပေါက်တောမြို့တွင် နိုဝင်ဘာလ ၁၆ ရက်မှစ၍ ယနေ့နိုဝင်ဘာလ ၂၈ ရက်အထိ သုံးကြိမ်ထက်မနည်း လေကြောင်းပစ်ခတ်မှု ခံထားရကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်က သောင်းနှင့်ချီသော ဒေသခံများ ဘေးလွတ်ရာ စစ်ဘေးတိမ်း ရှောင်နေရပြီး စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံနေရသည့်အပြင် အခြေခံစားသောက်ကုန်များ ပြတ်လုနီးပါးဖြစ်နေ၍ အခက်အခဲကြုံနေရကြောင်း စစ်ဘေးရှောင်ကူညီသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ဆင် တိုက်ခိုက်မှု စတင်ခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစ၍ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ များ ဖြစ်ပွားနေပြီး ပေါက်တောနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ရေးအရှိန် ပိုမိုပြင်းထန်နေဆဲ ဖြစ်သည်။

ပုံအညွှန်း - (နိုဝင်ဘာလ ၂၆ ရက်က စစ်ကောင်စီ၏ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစီး ပုဏ္ဏားကျွန်းတနေရာ၌ ပျံဝဲနေပုံ) (phot- CJ)

စာတည်း။ ။ နောင်နောင်

#Mizzima

#ပုဏ္ဏားကျွန်း

#အရပ်သားထိခိုက်

#၁၀၂၇

#ရခိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly