နမ့်ခမ်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းမှ တရုတ် ၈၈ ဦးကို တရုတ်အစိုးရထံ လွှဲပေးခဲ့ကြောင်း SSPP ထုတ်ပြန်

By 001 (မဇ္ဈိမ)
28 November 2023
နမ့်ခမ်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းမှ တရုတ် ၈၈ ဦးကို တရုတ်အစိုးရထံ လွှဲပေးခဲ့ကြောင်း SSPP ထုတ်ပြန်
ပုံအညွှန်း - နိုဝင်ဘာ ၂၃ ရက်​နေ့က ဖမ်းဆီးရမိသူများအား တရုတ်ထံ လွှဲ​ပြောင်း​​ပေးစဥ် (ဓာတ်ပုံ- SSPP Info)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်သည့် ဂိုဏ်းမှ တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ် SSPP/SSA ထိန်းချုပ်နယ်မြေရှိ အဆောက်အအုံတခုအတွင်း အွန်လိုင်းငွေလိမ်လည်လုပ်ငန်းများလုပ်ကိုင်သည့် ဂိုဏ်းတခုကို SSPPက နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကိုလည်း ထိုနေ့တွင်ပင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်စီးနင်းမှုတွင် မြန်မာနိုင်ငံသား ၂၈ ဦးအပါအဝင် စုစုပေါင်း ၁၁၆ ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကွန်ပျူတာနှင့် ဖုန်းအလုံးရေ ၃၅၀ နီးပါး၊ တရုတ်ယွမ်ငွေ ၁၉,၀၀၀ ကျော်၊ မီးခံသေတ္တာနှင့် ကားတစီးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း SSPP က ဆိုထားသည်။

ကျန်ရှိသည့် မြန်မာနိုင်ငံသား ၂၈ ဦးကိုလည်း အမှုစစ်ဆေးပြီး လိုအပ်သလိုဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူအချို့ကို မဇ္စျိမက ဆက်သွယ်ခဲ့သော်လည်း ယ​နေ့ မွန်းလွဲပိုင်းအထိ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိသေးပေ။

SSPP ၏ ထိန်းချုပ်နယ်မြေအတွင်း တရားမဝင်အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုံးဝမရှိစေရန်အတွက် အားလုံးတားဆီးနှိမ်နင်းသွားရန် အမိန့်ထုတ်ထားပြီးဖြစ်ကြောင်း SSPP က ဆိုထားသည်။

နယ်စပ်​ဒေသများရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ အများအပြားကို ဝတပ်ဖွဲ့ (UWSA ) က တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက လွှဲပြောင်းပေးအပ်မှုရှိခဲ့သကဲ့သို့ စစ်ကောင်စီကလည်း တရုတ်အစိုးရအလိုရှိသူများကို ထပ်ဆင့်ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးလွှဲပြောင်းပေးမှုများရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#မြန်မာသတင်း

#ကျားဖြန့်

#အွန်လိုင်းငွေလိမ်ဂိုဏ်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly