ဝေါမြို့ သူရဲသမိန်ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၈ ဦး သေဆုံးဟုဆို

By ရွှေနွယ် (မဇ္ဈိမ)
28 November 2023
ဝေါမြို့ သူရဲသမိန်ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၈ ဦး သေဆုံးဟုဆို

 ပဲခူးတိုင်း၊ ဝေါမြို့၏ အရှေ့ဘက် စစ်တောင်းမြစ်ဝှမ်းဘေးရှိ သူရဲသမိန်ကျေးရွာ ရဲစခန်းကို ယမန်နေ့ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA) နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရှစ်ဦးသေဆုံးခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်အရသိရသည်။

အဆိုပါ သူရဲသမိန်ရဲစခန်းကို နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်မှစတင်ကာ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်ထိ လေးနာရီခန့်ကြာမြင့်အောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းရန် ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်ရှိ KNLA တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောသည်။

"စခန်းကိုတော့ ကျွန်တော်တို့သိမ်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ရန်သူ့ရဲ့လက်နက်ကြီးပစ်အားကြောင့် ပြန်ပြီးတော့ဆုတ်လိုက်ရတာပါ။ ရန်သူ (စစ်ကောင်စီလက်အောက်ခံ) ၈ယောက်သေ။ လက်နက် တလက်ရရှိပါတယ်" ဟု မြေပြင်ရှိ KNLA တပ်ဖွဲ့ဝင်တဦးကပြောသည်။

အဆိုပါ သူရဲသမိန်ရဲစခန်းတွင် တိုက်ပွဲဖြစ်ပွားချိန်၌ စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီးအင်အား ၄၀ ကျော်ရှိကြောင်း သိရသည်။

တိုက်ပွဲတွင်း စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှ MA1 တလက် သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများတွင် စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီးများပါဝင်သည်ဟု သတင်းရရှိသော်လည်း သေဆုံးသူတို့၏ အသေးစိတ်အချက်အလက်များကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထို့ပြင် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့သလို တဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"တိုက်ပွဲဖြစ်ပွားချိန် ရွာထဲမှာ အရပ်သားတွေရှိပါတယ်။ အရပ်သားထိခိုက်မှုတော့မရှိဘူးနော်။ မနေ့ကတော့ တနေကုန် တောင်ငူလေတပ်ကနေ လေယာဉ်တက်တာမရှိပါဘူး။ ဒီတိုက်ပွဲဖြစ်စဉ်မှာလည်း လေယာဉ်ပစ်ခတ်မှုမရှိခဲ့ပါဘူး” ဟု သတင်းရင်းမြစ်ကပြောသည်။

ထို့ပြင် နိုဝင်ဘာ ၂၇ ရက်နေ့တရက်အတွင်းပင် သူရဲသမိန်ကျေးရွာနှင့် စစ်တောင်းမြစ်သာခြားသည့် တဖက်ကမ်းရှိ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာမှ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၅၉၈) ကိုလည်း KNLA PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သေးကြောင်းသိရသည်။ အဆိုပါ တိုက်ခိုက်မှုတွင်း ထိခိုက်သေဆုံးမှုရှိ၊ မရှိကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#ဝေါမြို့

#စခန်းသိမ်းတိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly