လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဒကစ စစ်ဌာနချုပ်အနီး ချဥ်းကပ်လာပြီဟုဆို

By ရွှေနွယ် (မဇ္ဈိမ)
28 November 2023
လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဒကစ စစ်ဌာနချုပ်အနီး ချဥ်းကပ်လာပြီဟုဆို
ပုံအညွန်း − နိုဝင်ဘာ ၂၅ ရက်နေ့က လောက်ကိုင်မြို့အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲမှတ်တမ်းဓာတ်ပုံနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုမှတ်တမ်းဓာတ်ပုံ  ဓာတ်ပုံ − လောက်ကိုင်ဒေသခံ

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေပြီဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ ကြေညာထားပြီးနောက် ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့၌ တိုက်ပွဲသည် စစ်ကောင်စီ၏ လောက်ကိုင်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အနီးသို့ ချဥ်းကပ်လာပြီဖြစ်ကြောင်း လောက်ကိုင်သတင်းရင်းမြစ်ထံက သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် MNDAA တပ်ဖွဲ့တို့သည် လောက်ကိုင်မြို့၏ တောင်ဘက်ပိုင်းရှိ မြို့ဝင်ကြေးကောက်ခံသည့် တဆယ်တန်ဂိတ်ကိုကျော်လွန်၍ ဒကစ အနီးတွင် ပစ်ခတ်သံများကြားနေရကြောင်း လောက်ကိုင်သတင်းရင်းမြစ်က ပြောသည်။

"တဆယ်တန်ကနေဝင်လာပြီး ငါးမိနစ်လောက်မောင်းရင် စစ်တပ်ရှိတယ်။ ဂိတ်ကြီးရှိတယ်။ ဒကစပေါ့။ အဲ့ဒါခုက တဆယ်တန်ကြားနဲ့ ဒကစကြားမှာဖြစ်နေတာ။ ခုနကတော့ အသံကြားလိုက်ရတယ်။ မြို့အပြင်အစပ်လေးနားမှာ တိုက်နေကြတာ” ဟု လောက်ကိုင်မြို့ တုန်ချိန်တွင်နေထိုင်သည့် သတင်းရင်းမြစ်က ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင်ပြောသည်။

ချင်းရွှေဟော်မြို့မှ တဆင့် လောက်ကိုင်သို့ တဆင့်ချင်းချီတက်လာခဲ့သည့် MNDAA ၏စစ်ကြောင်းသည် နိုဝင်ဘာ ၂၄ ရက်နေ့တွင်မူ မြို့အနီးရှိ စစ်ကောင်စီ၏ နောက်ဆုံးစစ်စခန်းကုန်း ဆိုင်တာအိုင်တောင်ကုန်းကို သိမ်းပိုက်ခဲ့ကြောင်း MNDAA မှထုတ်ပြန်ခဲ့သည်။

လောက်ကိုင် ဒကစသည် မြို့အဝင်တွင် တည်ရှိနေခြင်းဖြစ်ပြီး အဆိုပါ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကို ဖြတ်ကျော်ပြီးပါက လောက်ကိုင်မြို့ကိုထိန်းချုပ်နိုင်မည့် အလားအလာများစွာရှိနိုင်ကြောင်းလည်း လောက်ကိုင်မြို့ရှိ စစ်ရေးစောင့်ကြည့်သူဒေသခံတို့က သုံးသပ်သည်။

ယနေ့ လောက်ကိုင်တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ မဇ္ဈိမမှ MNDAA ၏ပြောခွင့်ရသူ လီကျားဝင်းကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့ချိန်မှစတင်ကာ လောက်ကိုင်မြို့၌ လုပ်ငန်းများရပ်ဆိုင်းလိုက်ပြီးဖြစ်သော်လည်း နေရပ်ပြန်ခွင့်မရဘဲ မြို့တွင်ပိတ်မိနေခဲ့ကြသည့် ပြည်သူများသည် ယခုသတင်းပတ်အတွင်း လောက်ကိုင်မြို့ကို စွန့်ခွာသွားကြပြီဖြစ်ကြောင်းလည်း လောက်ကိုင်ဒေသခံက ပြောသည်။

"မြို့ထဲမှာတော့ခြောက်ကပ်ကပ်နဲ့ ဆိုင်ဖွင့်တဲ့လူတို့ ပြန်လို့မဖြစ်တဲ့လူတို့ အဲ့တာလောက်ပဲကျန်တော့တယ်။ အခုလည်း ပြန်တဲ့ဟာတွေက အကုန်လုံးပြန်နေကြတာ။ ကားကျပ်တာက လောက်ကိုင်ရဲ့ တုန်ချိန်မြို့ထဲ မြို့အလယ်ထိကိုကျပ်နေတယ်” ဟု လောက်ကိုင်သတင်းရင်းမြစ်က ပြောသည်။

လောက်ကိုင်မြို့ကို တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များလိုက်နာရန် စည်းကမ်းများကို MNDAA က နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်နေ့တွင်မူ စစ်ဆင်ရေးသည် လောက်ကိုင်သို့ ဦးတည်နေပြီဖြစ်ကြောင်း ထပ်မံအသိပေးထုတ်ပြန်ခဲ့သည်။

စစ်ဆင်ရေး ၁၀၂၇ စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ကာ ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့ထိ တလအတွင်း ရှမ်းမြောက် ကိုးကန့်ဒေသ၏  ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု MNDAA ပြောခွင့်ရသူ လီကျာဝင်းက မဇ္ဈိမကိုပြောကြားထားသည်။

 ထို့ပြင် စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ စခန်းကြီး စခန်းငယ် စုစုပေါင်း ၁၇၈ ခုကို သိမ်းပိုက်ရရှိထားကြောင်းလည်း MNDAA ၏ထုတ်ပြန်ချက်များအရသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ဆင်ရေး၁၀၂၇
#MNDAA
#လောက်ကိုင်မြို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly