မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မန်ကျည်းစုကျေးရွာက ရွာသူ၊ ရွာသား ၁၅ ဦးအား ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့က လူသားဒိုင်းအဖြစ် နိုဝင်ဘာလ ၂၆ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယုန်ထိုးကျေးရွာ မြသိန်းတန်ကျောင်းဘက်မှ ထွက်ခွာလာသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ် ပူးပေါင်းအင်အား ၃၀ ခန့်သည် ယမန် နေ့ နံနက် ၇ နာရီဝန်းကျင်တွင် အဆိုပါကျေးရွာအနောက်ဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိုးပေါ်ထောင်ပစ်ခတ်ကာ ရုတ်တရက် ဝင်ရောက်လာသည်။
ထိုသို့ဝင်ရောက်လာစဉ် ရွာသူ၊ ရွာသားများထွက်ပြေးခဲ့ကြရာ ထိပ်တိုက်တွေ့သည့် ရွာခံ ၁၅ ဦးအား လူသားဒိုင်းအဖြစ် ရွာသစ်ကျေးရွာဘက်သို့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက မဇ္စျိမကို ပြောသည်။
"ရွာကိုရှောင်တခင်ဝင်ဝင်ချင်း လက်နက်ကြီး ၄၀ မမ နဲ့ လက်နက်ငယ်တွေ တရစပ်ပစ်တော့ ရွာသားတွေကြောက်ပြီးထွက်ပြေးလာကြတယ်၊ ထိပ်တိုက် တိုးတဲ့သူတွေကိုဖမ်းခေါ်သွားတယ်၊ "ဟု ဒေသခံက ပြောသည်။
ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကို မကြာခဏ ကြုံရလေ့ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယခုတခါတွင်လည်း ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှု ခံရမည်ကို စိုးရိမ်၍ အရပ်သားများကို လူသားဒိုင်းအဖြစ် လမ်းပြခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေါင်းမင်းတမန် အထူးပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုးကြိုးက မဇ္ဈိမကို ပြောသည်။
"အရင်က သူတို့စစ်ကြောင်းထိုးရင် အင်အားကို သုံး/လေးနေရာထိုးတယ်၊ အခုလက်ရှိမှာသိပ်မထိုးနိုင်တာ တကြိမ်ထဲ၊ တပြိုင်ထဲ မဟာမိတ်တွေ နေရာစုံ လှုပ်ရှားလို့ စစ်အင်အားနည်းသွားလို့လားဆိုတာ မပြောတတ်ဘူး၊ အရင်ထက်စာရင်တော့ နည်းသွားတယ်၊ အကိုတို့ဘက်က လိုက်ရှာပြီး လုပ်နေရတာ၊ အခုလဲလက်နက်ကြီးတွေနဲ့ ခြောက်လှန့်ပစ်တာပဲရှိတော့ ရွာထဲအထိအခိုက်တော့ မရှိဘူးလို့ သိရတယ်" ဟု ဗိုလ်မိုးကြိုးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီးနောက် ယင်းနေ့ မွန်းလွဲပိုင်းတွင်ပင် ပြန်လွှတ်ပေးလိုက်ကြောင်း အထက်ပါ ဒေသခံက ပြောသည်။
“သူတို့လိုရာခရီးရောက်တော့ မိန်းကလေးတွေကို ချက်ချင်းပြန်လွှတ်ပေးပြီး ယောကျ်ားလေးတွေကိုတော့ နေ့လယ်လောက်က ပြန်လွှတ်ပေးလိုက်တယ်” ဟု ဒေသခံက ဆက်ပြောသည်။
မန်ကျည်းစုကျေးရွာတွင် အိမ်ခြေ ၂၅၀ ခန့်ရှိပြီး ယင်ခင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်စီးနင်းမှုကို ခံထားရသော ကျေးရွာဖြစ််သကဲ့သို့ ရွာခံများ လူသားဒိုင်းအဖစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း မန်ကျည်းစု ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ရွာခံ အသက် ၇၀ အရွယ် အဘိုး၊ အဘွားအပါအဝင် ဒေသခံများကို ရိုက်နှက်စစ်ဆေးသွားကြောင်း ဒေသခံများက ပြောသည်။
စာတည်း။ ။ နောင်နောင်
#မန်ကျည်းစုရွာ
#ဖမ်းဆီး
#လူသားဒိုင်း
#Mizzima