စစ်မြေပြင်တွင် လက်နက်အပ်နှံပြီး ပြည်သူ့သစ္စာခံသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဟု NUG ထုတ်ပြန်

By KMN (မဇ္ဈိမ)
27 November 2023
စစ်မြေပြင်တွင် လက်နက်အပ်နှံပြီး ပြည်သူ့သစ္စာခံသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဟု NUG ထုတ်ပြန်
ပုံအညွှန်း -  KNDF ထံသို့ လက်နက်ချခဲ့သည့်လွိုင်ကော်မြို့တက္ကသိုလ်ဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (Photo - KNDF)

စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များအနေဖြင့် စစ်မြေပြင်တွင်  ပြည်သူ့တော်လှန်ရေးအင်အားစုများထံ လက်နက်အပ်နှံလျက် ပြည်သူကို သာ သစ္စာခံမည့်အကြောင်း သဘောထားဖော်ပြလာသူများအားလွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ 

ပြည်သူကို သာသစ္စာခံမည့်သူများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းပြုမည်မဟုတ်ဘဲ မိသားစုထံ ပြန်လိုကပြန်နိုင်အောင် ကူညီစီစဉ်ပေး ခြင်း၊မိသားစုဝင်များ ပါလာလျှင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကို တာဝန်ယူခြင်း၊
လူ့အဖွဲ့အစည်းအတွင်း ပြန်လည်အခြေချနေထိုင်နိုင်ရန် လိုအပ်သော ထောက်ပံ့မှုများကို အစွမ်းကုန်ကူညီဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

"ပြည်သူ့ရင်ခွင်ခိုလှုံလာကြတဲ့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့စစ်များအတွက် လူ့ အဖွဲ့အစည်းမှာ ဂုဏ်သိက္ခာရှိစွာ ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့အထူး ခြွင်းချက်ထားပြီး လွတ်ငြိမ်းချမ်းသာခွင့်မူဝါဒ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အချိန်အခါကောင်းလည်း ဖြစ်ပါတယ်" ဟုအမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပြောဆိုသည်။  

ပြည်သူ့နွေဦး တော်လှန်ရေး သုံးနှစ်ခန့်ကာလအတွင်း တနိုင်ငံလုံးအနှံ့အပြား ပြည်သူ့ရင်ခွင်ခိုလှုံလာကြသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်စုစုပေါင်း ၁၄,၀၀၀ ကျော်ရှိနေပြီး ၎င်းတို့အားလုံး မိသားစုဝင်များနှင့်အတူ ဘေးကင်းလုံခြုံရာနေရာများသို့ ရောက်ရှိကာ လူ့ဂုဏ်သိက္ခာရှိစွာဖြင့် ဘဝကို ဖြတ်သန်းလျက် ရှိနေကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်  တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ အားလုံးမဟာဗျူဟာမြောက် ထိုးစစ်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် စတင်ဆင်နွှဲနေကြပြီး မကြာခင်အကြမ်းဖက် စစ်အုပ်စုသည် ဆက်လက်ရပ်တည်နိုင်စွမ်း မရှိတော့ဘဲ မုချရှုံးနိမ့်ကျဆုံးတော့မည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။ 

စစ်ကောင်စီသည် စစ်ဆေးဆရာဝန်များ၊ သူနာပြုများ၊ ယာဉ်ထိန်းရဲများပါမချန် တိုက်ပွဲရှေ့တန်းများသို့ စေလွှတ်လာသည်ကို တွေ့ရပြီး ပြည်သူလူထုအပေါ် သစ္စာခံလျက် တော်လှန်ရေးအစိုးရ၊ တော်လှန်ရေးအင်အားစုများနှင့် အတူတကွ ရဲဝံ့ပြတ်သားစွာ လက်တွဲရပ်တည်ရန် အချိန်ကျရောက်နေပြီ ဖြစ်ကြောင်းလည်းအမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။

စာတည်း။   ။ နောင်နောင်

#Mizzima
#NUG
#လွတ်ငြိမ်းချမ်းသာခွင့်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly