NUG အနေဖြင့် စစ်ကောင်စီ၏ မည်သည့်ကိုယ်စားလှယ်နှင့်မျှ တွေ့ဆုံဆွေးနွေးခြင်းမရှိ

NUG အနေဖြင့် စစ်ကောင်စီ၏ မည်သည့်ကိုယ်စားလှယ်နှင့်မျှ တွေ့ဆုံဆွေးနွေးခြင်းမရှိ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် NUG နှင့် စစ်ကောင်စီဘက်မှ ကိုယ်စားလှယ်များ တွေ့ဆုံသည်ဟု သတင်းများ ထွက်ပေါ်လာ အပြီးတွင် NUG အနေဖြင့် စစ်ကောင်စီ၏ မည်သည့်ကိုယ်စား လှယ်နှင့်မျှ တွေ့ဆုံဆွေးနွေးခြင်းမရှိ‌ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြန်လည်တုံ့ပြန်လိုက်သည်ဟု PVTV က သတင်းဖော်ပြသည်။

“NUG အနေနဲ့ ဘယ် စကစ ရဲ့ ကိုယ်စားလှယ်နဲ့ မှလဲ တွေ့ဆုံခဲ့တာ မရှိပါဘူး။ တွေ့ဆုံဆွေးနွေးမှုအတွက် ညှိနှိုင်း ခဲ့တာလည်း မရှိပါဘူး။ အခုအချိန်ဟာ တွေ့ဆုံဆွေးနွေးရမယ့် အချိန်မဟုတ်ပါဘူး" ဟု ဦးနေဘုန်းလတ်က ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ ၊ ဂျကာတာမြို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြားခံကိုယ်စားလှယ်များနှင့် တော်လှန်ရေး အင်အားစုတချို့ တွေ့ဆုံဆွေးနွေးခဲ့ကာ အပြုသဘောဆောင်သည့် တိုးတက်မှုများ ရှိသည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီးဌာနကို ကိုးကားပြီး သတင်းဌာနအချို့တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဂျကာတာဆွေးနွေးပွဲမှာ ပုံမှန် တွေ့ဆုံမှုသာဖြစ်ပြီး NUG ဘက်မှ အာဆီယံကိုယ်စားလှယ်တက်ရောက်ကာ မဟာမိတ်များနှင့် သဘောတူထားသည့် ရပ်တည်ချက်များကိုသာ ဆွေးနွေးခဲ့သည်ဟု ဦးနေဘုန်းလတ်က ‌ပြောသည်။

“ဒီ ဂျာကာတာမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကလည်း ပုံမှန် အင်ဒိုနီးရှား special envoy ရုံးနဲ့ တွေ့ဆုံဆွေးနွေးညှိနိုင်းမှု တခုပဲ ဖြစ်ပါတယ်။ သဘောထားအမြင်တွေ ဖလှယ်ကြတဲ့ ဆွေးနွေးပွဲ ပဲ ဖြစ်ပါတယ်။ NUG နိုင်ငံခြားရေးရဲ့ အာဆီယံ ကိုယ်စားလှယ်တဦး တက်ရောက်ခဲ့ပြီး မဟာမိတ်များနဲ့ ညှိနှိုင်း သဘောတူထားတဲ့ ရပ်တည်ချက်တွေကိုပဲ ဆွေးနွေးခဲ့တာ ရှိပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “separately based on groupings” “အဖွဲ့လိုက် သီးခြားတွေ့ဆုံမှု” ဆိုသည့် အချက်ကို သတိထားရမည်ဖြစ်‌ကြောင်း ဦးနေဘုန်းလတ်က ‌ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly