စစ်ဆင်ရေး  ၁၀၂၇  တနိုင်ငံလုံး အတိုင်းအတာဖြင့် နောက်တဆင့် တက်မည်ဟု ညီနောင်သုံးဖွဲ့ကြေညာ

By ဂျူချန်း (မဇ္ဈိမ)
25 November 2023
စစ်ဆင်ရေး  ၁၀၂၇  တနိုင်ငံလုံး အတိုင်းအတာဖြင့် နောက်တဆင့် တက်မည်ဟု ညီနောင်သုံးဖွဲ့ကြေညာ
ပုံအညွှန်း-စစ်ကောင်စီထံမှ သိမ်းဆည်းရရှိထားသည့် သံချပ်ကာကားနှင့် MNDAA တပ်ဖွဲ့ဝင်များ

မြောက်ပိုင်းညီနောင် သုံးဖွဲ့  ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး တလပြည့်နေ့ဖြစ်သည့် နိုဝင်ဘာ ၂၇ ရက်နေ့တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် (Nationwide Operation) နောက်တဆင့်ကို တက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ညီနောင်သုံးဖွဲ့က ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်ဆင်ရေးစတင်သည့်နေ့မှ ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့အထိ စစ်ကောင်စီ၏ တပ်စခန်းကြီးငယ် ၁၇၁ ခုကို ညီနောင်သုံးဖွဲ့မှ သိမ်းပိုက်ရရှိထားပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကွမ်းလုံ၊ မုံကိုး၊ နမ့်ခမ်း စသည့် မြို့များကို ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်တပ်များက ထိန်းချုပ်ထားကြသည်။ အခြား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည်လည်း စစ်ကောင်စီကို ဟန်ချက်ညီညီ တော်လှန်နေကြပြီဖြစ်ပြီး စစ်ဆင်ရေး တလပြည့်မည့် နိုဝင်ဘာ ၂၇ ရက်နေ့တွင် စစ်ရေးအရှိန်ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း MNDAA ပြောခွင့်ရ လီကျားဝင်းက မဇ္ဈိမကိုပြောသည်။

“စစ်ရေးအရှိန်ကတော့ ဆက်လက်မြင့်လာမယ့် အနေအထားမှာ ရှိပါတယ်။ EAOs တွေကိုတော့ ကျနော်ထွေထွေထူးထူးတိုက်တွန်းစရာမရှိပါဘူးဗျ။ ဘာလို့ဆို အကုန်လုံးက ဟန်ချက်ညီညီ ဖြစ်နေပြီဆိုတော့လေ။ ကျနော်တို့က စစ်ကောင်စီအမြစ်ပြတ်ချေမှုန်းရေးကို ဆက်လက်ဖော်ဆောင်သွားမှာ” ဟု လီကျားဝင်းက ပြောသည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်သာမက ကရင်နီပြည်နယ်တွင်လည်း ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ၁၁.၁၁ စစ်ဆင်ရေး ဆင်နွှဲနေပြီး ရခိုင်ပြည်နယ်တွင်လည်း နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ ရက္ခိုင့်တပ်တော် (AA )က တိုက်ပွဲဖော်ဆောင်နေပြီဖြစ်သည်။ ယင်းအပြင် ချင်းပြည်နယ်တွင်လည်း နိုဝင်ဘာ ဒုတိယအပတ်မှစတင်ကာ စစ်ကောင်စီတပ်စခန်းများကို ချင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက အရှိန်မြှင့်တိုက်ခိုက်ခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ်က ရိဒ်ခေါဒါမြို့ကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားသည်။ ယင်းအပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းမြို့နဲ့ ခမ်းပါတ်မြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာထားသည်။

၁၀၂၇ စစ်ဆင်ရေးမှ  တနိုင်ငံလုံးက ပြည်သူလူထု တရပ်လုံး ပါဝင်သည့် စစ်ဆင်ရေး (Nationwide Operation) ကို ဖော်ဆောင်ရန် ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ညီနောင်သုံးဖွဲ့က တိုက်တွန်းခဲ့ပြီး ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး တလပြည့်နေ့၌ Nationwide Operation တဆင့်တက်ရန် အဆင်သင့်ဖြစ်နေကြောင်း ကြေညာလာခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ဆင်ရေး ၁၀၂၇
#တနိုင်ငံလုံး စစ်‌ဆင်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly