စစ်ကိုင်းမြို့ စစ်ကောင်စီဌာနဆိုင်ရာများ စည်းဝေးခန်းမကို မီးရှို့ဖောက်ခွဲ ဖျက်ဆီး

By ပါခွီး(မဇ္စျိမ)
24 November 2023
စစ်ကိုင်းမြို့ စစ်ကောင်စီဌာနဆိုင်ရာများ စည်းဝေးခန်းမကို မီးရှို့ဖောက်ခွဲ ဖျက်ဆီး

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးဝန်း အလယ်ခေါင်ရှိ စစ်ကောင်စီဌာနဆိုင်ရာများ အစည်းအဝေးပြုလုပ်ရာခန်းမကို မီးရှို့ပြီး မိုင်းခွဲဖျက်ဆီး လိုက်ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ယနေ့  နိုဝင်ဘာလ ၂၄ရက် တွင် ရုပ်သံနှင့်တကွ ထုတ်ပြန်သည်။

ခရိုင်စိုက်ပျိုးရေးရုံးနှင့် ၎င်းရုံးအလယ်ခေါင်တွင်ရှိသော ဇေယျာခန်းမကို နိုဝင်ဘာလ ၂၃ရက် ညနေ ၆နာရီအချိန်တွင် ဝင်ရောက်မီးရှို့ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

“စစ်ကိုင်းတိုင်း စစ်ကောင်စီခန့် ဝန်ကြီးချုပ်နဲ့ ဗဟိုက ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာရဲ့ ဘယ်ဝန်ကြီးတွေပဲလာလာ အဲဒီခန်းမကိုပဲအဆုံးပြုပြီးဆောင်ရွက်ကြတာ ။ အဲဒါကြောင့် သူတို့ရဲ့ ယန္တရားလည်ပတ်ရေး ဆောင်ရွက်နေတာတွေ မလုပ်နိုင်အောင် ဖောက်ခွဲဖျက်ဆီးခဲ့တာပါ” ဟု PAFD အဖွဲ့ခေါင်းဆောင် တေဇ က မဇ္စျိမကို ပြောသည်။

စိုက်ပျိုးရေးဌာနဖြစ်သောကြောင့် လူများမသိရှိနိုင်ဟု ယူဆပြီး ၎င်းဝင်းအတွင်း စစ်ကောင်စီတပ်က အရာရှိများအစည်းဝေးလုပ်လေ့ရှိသောကြောင့် ယင်းနေရာ ကို စောင့်ကြည့်နေခဲ့ပြီး ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ခန်းမကို ပေါက်ကွဲအားပြင်းသည့် မိုင်းဖြင့်ဖောက်ခွဲခဲ့ခြင်းဖြစ်သဖြင့် တော်တော်များများပျက်စီးပြီး အတွင်းထဲအထိလှိုက်လောင်ကျွမ်းခဲ့ကာ ပြိုကျလုနီးပါး ဖြစ်သွားကြောင်းသိရသည်။

ယင်းခရိုင်ရုံးပတ်လည်တွင် တိုင်းအရန်ရဲတပ်ခွဲရုံး ၊ ခရိုင်မီးသတ်ရုံး ၊ မြို့နယ် - ခရိုင် စက်မှုလယ်ယာရုံးများ ရှိသောကြောင့် လုံခြုံရေးတင်းကျပ်သည့်ကြားမှ တော်လှန် ရေးရဲဘော်များ စွန့်စား၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြ သည်။

ယင်းသို့ဖောက်ခွဲမီးရှို့ပြီး ငါးမိနစ်အကြာ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး သေနတ်များ ရမ်းသန်းပစ်ဖောက်ခဲ့ကြောင်း ကာကွယ်ရေးခေါင်းဆောင်က ပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly