စစ်ကောင်စီကိုဖိအားပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူညီပေးရန် ဂျပန်ကို NUG တောင်း ဆို

By မောင်ခက်နွေ (မဇ္ဈိမ) 
23 November 2023
စစ်ကောင်စီကိုဖိအားပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူညီပေးရန် ဂျပန်ကို NUG တောင်း ဆို
ပုံစာ - ၂၀၂၃ ခုနစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့က ဂျပန်လွှတ်တော်အမတ်များရုံးတွင်းကြားနာပွဲတွင်တွေ့ရသည့် NUG နိုင်ငံခြားရေးဝန်ကြီးနှင့်သံတမန်များ (ဓာတ်ပုံ - NUG)

အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးရန်နှင့်  လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက် သည်။

ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သော  ဂျပန်လွှတ်တော်အမတ်များရုံးတွင်းကြားနာပွဲ၌ တောင်းဆိုခဲ့ခြင်းဖြစ်သည် ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၂ ရက် ယမန်နေ့က ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည်  ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ရောက်ရှိနေပြီး  “ဂျပန်-မြန်မာဆက်ဆံရေး- အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်” ခေါင်းစဉ်ဖြင့်  ဂျပန်လွှတ်တော်အမတ်များရုံး တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က  ဂျပန်လွှတ်တော်အနေဖြင့်  စစ်ကောင်စီကို အသိအမှတ်မပြုရေး အဆိုကို အတည်ပြုပေးနိုင်ခြင်း၊  မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးနေခြင်းများကို မြန်မာနိုင်ငံသား များကိုယ်စား ကျေးဇူးအထူးတင်ကြောင်း ပြောကြားခဲ့သည်။ 

ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီထောက်ပံ့မှုများအား စစ်ကောင်စီမှ တဆင့်မပေးအပ်ဘဲ ပြည်သူလူထုထံ တိုက်ရိုက်ရောက်စေမည့်နည်းလမ်းများ သုံးစေချင်ကြောင်း  ဒေါ်ဇင်မာအောင်ကဆိုသည်။

“ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီကို ဆက်ဆံရန်ချမှတ်ထားတဲ့ အချက်သုံးချက်ကို ဆက်လက်ကိုင်ထား ပြီး စစ်ကောင်စီအား ဆက်လက်အသိအမှတ်မပြုပေးရေး၊ အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းကာ စစ်ကောင်စီကို ပြည်သူ့အစိုးရထံ အာဏာပြန်လွှဲပေးရေး ပိုမိုဖိအားပေးဖို့ တင်ပြဆွေးခဲ့ပါတယ်” ဟု အမျိုး သားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ဂျပန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌများ၊ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံ အားပေးသော ဂျပန်လွှတ်တော်အမတ်များသမဂ္ဂတို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း NUG က သတင်းထုတ် ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထား ပြီး မြန်မာသံတမန်တစ်ဦးကိုလည်း ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသည်။

ဂျပန်ခရီးစဉ်နှင့်ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်းအားဆက် သွယ်ခဲ့လည်း လက်ရှိအချိန်ထိ ဆက်သွယ်၍ မရသေးပေ။ 

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့်  တွေ့ဆုံဆွေးနွေးရန်ရှိသည်ဟု မြန်မာအသိုင်းအဝိုင်းမှ သိရသည်။ 

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly